
ယူရိုပါလိဂ်က တော့တင်ဟမ်အတွက် ကြီးမားတဲ့အခွင့်အရေးဖြစ်တယ်လို့ ပြောကြားလိုက်တဲ့ ပိုစတီကိုဂလူ
တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူက ဒီရာသီအသင်းရဲ့ရုန်းကန်ရမှုတွေကို ချေဖျက်နိုင်ဖို့အတွက် ယူရိုပါလိဂ်ပြိုင်ပွဲဟာ ကြီးမားတဲ့အခွင့်အရေးတစ်ခုဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ သောကြာနေ့နံနက်မှာ ယှဉ်ပြိုင်သွားရမှာ ယူရိုပါလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ တော့တင်ဟမ်ဟာ နယ်သာလန်ကလပ် အေဇက်အယ်လ်ခမာကို ပထမအကျော့ အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဒိုမီနစ်ဆိုလန်ကီ၊ မစ်ကီဗန်ဒီဗန်နဲ့ ခရစ်ရှန်ရိုမဲရိုးတို့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ပုံစံကောင်းရဖို့ရုန်းကန်ခဲ့ရတဲ့ တော့တင်ဟမ်ဟာ ရလဒ်ပိုင်းမှာလည်း ဆိုးဆိုးဝါးဝါးကြုံတွေ့ထားရတာဖြစ်ပြီး လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ပိုစတီကိုဂလူရဲ့အသင်းဟာ ပြည်တွင်းဖလားပြိုင်ပွဲတွေဖြစ်တဲ့ ကာရာဘောင်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေကနေလည်း စောစောစီးစီးထွက်ခွာထားခဲ့ရတာဖြစ်ပါတယ်။
တော့တင်ဟမ်ဟာ ၂၀၀၈ ခုနှစ်၊ အင်္ဂလန်လိဂ်ဖလားကို ရရှိခဲ့ပြီးနောက်ပိုင်း အခုချိန်အထိ ဆုဖလားတစ်ကြိမ်မှာထပ်မံမရရှိခဲ့ဘဲ ကာလရှည်ဖလားမိုးခေါင်မှုနဲ့ ကြုံတွေ့ထားရတာဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်မှာ တော့တင်ဟမ်ဟာ ဥရောပအောင်မြင်မှုအဖြစ် ယူအီးအက်ဖ်အေဖလားကို ဆွတ်ခူးထားခဲ့ဖူးပြီး ယခုအခါမှာတော့ နောက်ထပ်တစ်ကြိမ်ဥရောဖလားဆွတ်ခူးဖို့ အခွင့်အရေးကျန်ရှိနေတာဖြစ်ပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပိုစတီကိုဂလူက "ယူရိုပါလိဂ်ပြိုင်ပွဲက အသင်းအတွက်ကြီးမားတဲ့အခွင့်အရေးတစ်ခုဆိုတာ အသင်းရဲ့ကစားသမားတွေနားလည်ဖို့လိုပါတယ်။ ဒီပြိုင်ပွဲမှာပုံစံကောင်းရချင်ပါတယ်။ လောလောဆယ်မှာတော့ ၁၆ သင်းအဆင့်ကိုရောက်နေပြီဖြစ်ပြီး ခက်ခဲတဲ့ပြိုင်ဘက် အေဇက်နဲ့ ၂ ကျော့ကစားသွားရပါမယ်" "ပြီးခဲ့တဲ့နှစ်တွေမှာ အသင်းက ဒီပြိုင်ပွဲမှာ ပုံစံကောင်းမရခဲ့ပါဘူး။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျွန်တော်တို့ ၁၆ သင်းအဆင့်ရောက်နေပါပြီ။ ကြီးမားတဲ့ အခွင့်အရေးတစ်ခုပါပဲ။ ကျွန်တော်တို့ ဘယ်လောက်အထိဝေးဝေးသွားနိုင်မလဲ ကြည့်ကြတာပေါ့။ ကျွန်တော်တို့မှာ ဆုဖလားဆွတ်ခူးနိုင်ဖို့ အခွင့်အရေးရှိနေပါတယ်"
"ပထမအကျော့မှာတော့ ကျွန်တော်တို့အဝေးကွင်းမှာသွားရောက်ကစားရပါမယ်။ ကျွန်တော်ဆဲလ်တစ်ကိုကိုင်တုန်းက ကိုပင်ဟေဂင်ကို အဝေးကွင်းမှာသွားပြီး ရင်ဆိုင်ဖူးပါတယ်။ သူတို့က အသင်းကောင်းတစ်သင်းဆိုတာသိခဲ့ရပါတယ်။ ဒါပေမယ့် အခုကျွန်တော်တို့အသင်းကလည်း လမ်းကြောင်းမှန်ပေါ်ပြန်ရောက်နေလို့ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်အပြီးမှာ နောက်တစ်ဆင့်တက်နိုင်အောင် လုပ်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။