ပြင်းထန်ပုခုံးဒဏ်ရာကြောင့် အောင်မြင်နေတဲ့ ကစားသမားဘဝကို အဆုံးသတ်လိုက်ရတဲ့ ဂိုးသမားကြီးကတ်စ်ပါရှမိုက်ကယ်
ဒိန်းမတ်ဂိုးသမားကတ်စ်ပါရှမိုက်ကယ်ဟာ ပြင်းထန်ပုခုံးဒဏ်ရာကြောင့် သူရဲ့အောင်မြင်ကျော်ကြားတဲ့ ကစားသမားဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒိန်းမတ်လက်ရွေးစင်အသင်းမှာ ကာလရှည်ကြာလက်စွမ်းပြခဲ့တဲ့ ဂိုးသမားကြီးက TV2 Sport နဲ့ အင်တာဗျူးမှာ အခုဆုံးဖြတ်ချက်ကို ပြောကြားခဲ့ပါတယ်။ အခုနွေရာသီ၊ စကော့တလန်နာမည်ကြီးကလပ်အသင်းဆဲလ်တစ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန် သူရဲ့ကစားသမားဘဝကို တရားဝင်အဆုံးသတ်သွားပါလိမ့်မယ်။
"ကျွန်တော် ဒီအကြောင်းကို အများကြီး စဉ်းစားခဲ့ပြီးပါပြီ၊ အခုအချိန်ကို အသင့်တော်ဆုံးအခိုက်အတန့်လို့လည်း ယုံကြည်ပါတယ်" လို့ ရှမိုက်ကယ်က ဆိုပါတယ်။ ပြီးခဲ့တဲ့မတ်လကတည်းက ပုခုံးဒဏ်ရာကြောင့် နောက်ဆုံးပွဲစဉ်ကို ကစားပြီးသွားပြီလို့လည်း အသက် ၃၉ နှစ်အရွယ်ဂိုးသမားကြီးက ပြောကြားခဲ့ဖူးပါတယ်။ အဲ့ဒီနောက်ပိုင်း၊ သူက ခွဲစိတ်ဆရာဝန်တွေ၊ ပညာရှင်တွေနဲ့ ဒဏ်ရာအကြောင်း တိုင်ပင်ဆွေးနွေးခဲ့ပါသေးတယ်။ ပညာရှင်တွေကတော့ သူ့ကို ထိပ်တန်းဘောလုံးလောကဆီ ပြန်ဝင်ဖို့ မမျှော်လင့်သင့်တော့ဘူးလို့ အကြံပေးခဲ့ကြပါတယ်။
လက်ရွေးစင်အသင်းရဲ့ပထမဦးစားပေးဂိုးသမားအဖြစ် နှစ်ပေါင်းများစွာပါဝင်ကစားခဲ့တဲ့ ရှမိုက်ကယ်က ဖေဖော်ဝါရီ ၂၂ ရက်နောက်ပိုင်း ဆဲလ်တစ်အသင်းအတွက် ပွဲထွက်ကစားနိုင်ခြင်း မရှိတော့ပါဘူး။ ဒါ့အပြင် မတ်လအတွင်း ကမ္ဘာ့ဖလားရှုံးထွက်ပွဲစဉ်တွေအတွက် ဒိန်းမတ်လက်ရွေးစင်အသင်းလူစာရင်းမှာလည်း မပါဝင်နိုင်ခဲ့ပါဘူး။ အဲ့ဒီအချိန်တုန်းကတော့ လက်ရွေးစင်အသင်းကို အပြီးတိုင်နှုတ်ဆက်တာမျိုး မရှိသေးလို့ ရှမိုက်ကယ်က အခိုင်အမာပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ မတ်လအထိ သူ့ရဲ့ပုခုံးဒဏ်ရာ ဘယ်လောက်အထိ ဆိုးရွားနေသလဲဆိုတာကို သူကိုယ်တိုင် မသိခဲ့ဘူးလို့ လတ်တလောမှာ ဝါရင့်ဂိုးသမားကြီးက ရှင်းပြလာပါတယ်။
ရှမိုက်ကယ်က ပြီးခဲ့တဲ့နှစ်၊ ပေါ်တူဂီနဲ့ပွဲစဉ်မှာ ပုခုံးဒဏ်ရာကို စတင်ရရှိခဲ့ပြီး ဖေဖော်ဝါရီလအတွင်းမှာ နောက်တစ်ကြိမ် ထပ်မံဒဏ်ရာရခဲ့ပါတယ်။ CBS Sports နဲ့ အင်တာဗျူးမှာတော့ ရှမိုက်ကယ်က သူ့ရဲ့ပုခုံးဒဏ်ရာနဲ့ပတ်သက်လို့ လက်မောင်းကြွက်သား (biceps) ပါ ထိခိုက်သွားတာကြောင့် ပိုပြီး ရှုပ်ထွေးသွားရတယ်လို့ ရှင်းပြခဲ့ပါတယ်။
ရှမိုက်ကယ်ဟာ ဆဲလ်တစ်အသင်းအပြင် အန်ဒါလက်ချ်၊ နိုက်စ်နဲ့ လက်စတာတို့လို ကလပ်အသင်းတွေမှာ ကစားခဲ့ဖူးပါတယ်။ သူက ၂၀၁၆ ခုနှစ်မှာ လက်စတာနဲ့အတူ အင်္ဂလန်ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သလို ၂၀၂၁ ခုနှစ်မှာလည်း အက်ဖ်အေဖလားကို ရရှိခဲ့ပါတယ်။ ဆဲလ်တစ်မှာလည်း စကော့တလန်ချန်ပီယံဆုကို နှစ်ကြိမ်တိုင်တိုင်ရရှိခဲ့ပြီး နောက်ဆုံးတစ်ကြိမ်ကတော့ အခုရာသီမှာပဲ ဖြစ်ပါတယ်။ ရှမိုက်ကယ်က ဒိန်းမတ်လက်ရွေးစင်အသင်းအတွက် ပွဲ ၁၂၀ အထိ ကစားပေးခဲ့ပါတယ်။