
The network connection is lost.

ချန်ပီယံလိဂ်ဆုဖလားတစ်ကြိမ် အနိုင်ရရှိခြင်းက မန်စီးတီးအတွက် ထူးခြားတဲ့အရာတစ်ခု ပြုလုပ်ထားတာမျိုး မဟုတ်ဘူးလို့ နည်းပြပက်ဂွါဒီယိုလာက ပြောဆိုလိုက်ပြီး လက်ရှိချန်ပီယံတွေက သူတို့ရဲ့သရဖူကို ကာကွယ်ဖို့ ပြင်ဆင်နေပါပြီ။
ပြီးခဲ့တဲ့ဇွန်လအတွင်း မန်စီးတီးက ဥရောပကလပ်အသင်းတွေအတွက် ထိပ်တန်းဆုကြီးကို ဆွတ်ခူးနိုင်ဖို့ အစ္စတန်ဘူလ်မြို့၊ ဗိုလ်လုပွဲစဉ်မှာ အင်တာမီလန်ကို အနိုင်ယူခဲ့ပါတယ်။ ဒါကြောင့် ပက်ဂွါဒီယိုလာရဲ့အသင်းက သမိုင်းဝင်ဆုဖလားသုံးလုံး အောင်ပွဲကိုလည်း ရယူနိုင်ခဲ့ပါတယ်။
အခုပရီးမီးယားလိဂ်ဘောလုံးရာသီမှာ ရာနှုန်းပြည့်နိုင်ပွဲဆက်နေတဲ့ မန်စီးတီးက ဒီနေ့ညပိုင်းမှာပဲ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇီဗက်စ်ဒါနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။
တနင်္လာနေ့၊ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ပက်ဂွါဒီယိုလာက “ကျွန်တော်တို့အသင်းအတွက် ချန်ပီယံလိဂ်ဆုဖလားကို အနိုင်ရရှိတာက မယုံကြည်နိုင်ရာအချို့ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဆုဖလားတစ်ကြိမ်အနိုင်ရရှိဖူးတဲ့ အသင်းတွေ ဘယ်လောက်တောင်ရှိသလဲ? အများကြီးပါ။ ချန်ပီယံလိဂ်ဆုဖလားကို နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်၊ ငါးကြိမ် အနိုင်ရရှိအောင် လုပ်ဖို့ အများကြီး ကျန်နေပါသေးတယ်။ ကိုယ့်အမြင်အရဆိုရင်တော့ ကျွန်တော်တို့က ထူးထူးခြားခြား ဘာတစ်ခုမှ လုပ်ခဲ့တာ မဟုတ်ပါဘူး၊ တစ်ကြိမ်လောက် အနိုင်ရရှိတယ်ဆိုရုံပါပဲ။ ကလပ်အသင်းအတွက်ဆိုရင်တော့ ဒီဆုဖလားကို မဆွတ်ခူးနိုင်သေးလို့ အခုလိုဆွတ်ခူးနိုင်ရေး စွမ်းဆောင်ပေးနိုင်သူတွေထဲမှာ ပါဝင်ခွင့်ရရှိလို့ ဂုဏ်ယူမိပါတယ်”လို့ ပြောပါတယ်။
ဥရောပကလပ်အသင်းတွေအနက် ချန်ပီယံလိဂ်ဆုဖလားကို ရီးရဲလ်မက်ဒရစ်က ၁၄ ကြိမ်၊ အေစီမီလန်က ခုနစ်ကြိမ်၊ ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးတို့က ခြောက်ကြိမ်စီ အနိုင်ရရှိခဲ့ဖူးပါတယ်။ ပက်ဂွါဒီယိုလာကတော့ သူတို့အသင်းအတွက် ဒီသရဖူကိုကာကွယ်ရခြင်းဟာ ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်အောင် လုပ်ဆောင်ရခြင်းထက် ပိုမိုလွယ်ကူစေမယ်လို့ ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ဇွန်လအောင်ပွဲကို မန်စီးတီးတို့ နှစ်ပေါင်းများစွာကြိုးစားခဲ့ပြီးမှ ရရှိခဲ့တာပါ။ “အခက်ခဲဆုံးအရာက ပထမဆုံးအကြိမ် ဆုဖလားအောင်ပွဲရယူနိုင်ဖို့ပါပဲ”လို့ သူကပြောပါတယ်။ အခုဘောလုံးရာသီချန်ပီယံလိဂ်ပြိုင်ပွဲကို လန်ဒန်မြို့ရှိ ဝင်ဘာလေကွင်းကြီးမှာ ယှဉ်ပြိုင်ကစားရဖို့ရှိနေပေမယ့် ပက်ဂွါဒီယိုလာကတော့ ဒီအတွက်စဉ်းစားထားတာမျိုး မရှိခဲ့ဘူးလို့ ဖွင့်ဟလိုက်ပါတယ်။
စပိန်သားနည်းပြက “ဒီအကြောင်းအရာအပေါ် ကျွန်တော်တို့ မစဉ်းစားခဲ့ပါဘူး။ ပထမဆုံးအချက်က ကိုယ့်ရဲ့ပွဲစဉ်ကို အနိုင်ရထားဖို့ပါ။ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်တွေကို ဖြတ်သန်းပြီးမှသာ ဗိုလ်လုပွဲအကြောင်း စဉ်းစားရပါမယ်။ ကာလရှည်ဖြတ်သန်းပြီးမှ ရောက်ရှိမယ့် ပွဲစဉ်ပါ။ အတော်လေးကို ရှည်လျားတဲ့ ကာလတစ်ခုပါ။ ဒါကြောင့် ဒီနေ့ညပိုင်းမှာ တိုက်စစ်ပိုင်းလျှင်မြန်သလို ကစားပုံပြင်းထန်တဲ့ ပြိုင်ဘက်အသင်းကို အနိုင်ယူဖို့ပဲ ကြိုးစားကြရအောင်”လို့ ပြောပါတယ်။