အာဆင်နယ်ကိုအနိုင်ရပြီး ကာရာဘောင်းဖလားဆွတ်ခူးနိုင်ခဲ့လို့ ဝမ်းသာမိကြောင်းဖွင့်ဟလာတဲ့ ဂွါဒီယိုလာ
တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ပြိုင်ဘက် အာဆင်နယ်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့အပေါ် မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက သူ့ရဲ့ ခံစားချက်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီပွဲမှာတော့ ကွင်းလယ်လူကနေ ဘယ်နောက်ခံလူနေရာကို ပြောင်းလဲကစားနေတဲ့ လူငယ်ကစားသမား နီကို အိုရီလီက ဒုတိယပိုင်းမှာ မန်စီးတီးအတွက် အနိုင်ဂိုး နှစ်ဂိုးကို ခပ်မြန်မြန်ပဲ ဆက်တိုက်သွင်းယူပေးခဲ့ပြီး ချန်ပီယံဆုကို အောင်မြင်စွာ သိမ်းပိုက်ပေးခဲ့တာပါ။
အခုဆိုရင် ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို တာဝန်ယူခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ဒီဖလားကို ၅ ကြိမ်အထိ ရရှိခဲ့တာကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်သွားပြီလည်း ဖြစ်ပါတယ်။ ပွဲအပြီး Sky Sports နဲ့ အင်တာဗျူးရာမှာတော့ ဂွါဒီယိုလာက ခက်ခဲတဲ့ သီတင်းပတ်နှစ်ပတ်ကို ဖြတ်သန်းခဲ့ရပြီးနောက် အခုလို အနိုင်ရရှိခဲ့တဲ့အပေါ် အလွန်ဝမ်းသာနေခဲ့ပါတယ်။
"ကျွန်တော် ဘာပြောရမလဲ၊ ဆုဖလားတစ်ခု ရယူနိုင်တယ်ဆိုတာ အမြဲတမ်း အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်က ကျွန်တော်တို့အတွက် တော်တော်လေး ခက်ခဲခဲ့တာကြောင့် အခုနိုင်ပွဲက ပိုပြီးတော့ ထူးခြားပါတယ်။ ချန်ပီယံလိဂ်မှာ သူတို့ (အာဆင်နယ်) လုပ်ပြခဲ့တာတွေက တကယ်ကို ခက်ခဲတဲ့အရာတွေပါ" လို့ သူက ဆိုပါတယ်။ ဒါ့အပြင် "ပွဲစစချင်း ၁၅ မိနစ်မှာ သူတို့က ကျွန်တော်တို့ကို အသက်ရှူရကျပ်အောင် ဖိအားပေးခဲ့လို့ ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှပဲ ကျွန်တော်တို့ ဒုတိယဘောလုံးတွေကို ပြန်ရပြီး ကိုယ့်ကစားကွက်ကိုယ် ပြန်ကစားနိုင်ခဲ့တာပါ" လို့လည်း ဖြည့်စွက်ပြောခဲ့ပါတယ်။
"မိုင်ကယ်အာတီတာ က အနိုင်ယူဖို့ တော်တော်လေးခက်ခဲတဲ့ အသင်းတစ်သင်းကို တည်ဆောက်ထားတာကြောင့် အခုလို နိုင်ပွဲအတွက် ကျွန်တော် တကယ်ပဲ ကျေနပ်မိပါတယ်။ ၁၀ နှစ်အတွင်း ၅ ကြိမ်မြောက် ကာရာဘောင်းဖလား ရယူနိုင်တာဟာ မဆိုးဘူးလို့ ပြောရမှာပါ။ ဆုဖလားတစ်ခု ရဖို့ဆိုတာ အရင်ကထက် ပိုပြီး ခက်ခဲလာသလို ခံစားရပြီး အကြောင်းအမျိုးမျိုးကြောင့် တကယ်ကို ခက်ခဲလွန်းပါတယ်" လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။