မန်စီးတီး ဘာကြောင့်ရုန်းကန်နေရတယ်ဆိုတာ သိတယ်လို့ဆိုလာတဲ့ ဂွါဒီယိုလာ
မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ဒီရာသီမှာ သူတို့အသင်း ဘာကြောင့် မျှော်လင့်ထားသလောက် အားမရဖြစ်နေရတာလဲဆိုတဲ့ အကြောင်းရင်းကို သူကိုယ်တိုင် သိထားတယ်လို့ ဝန်ခံလိုက်ပါတယ်။
ချန်ပီယံလိဂ်ကနေ ရီရဲလ်မက်ဒရစ်ကြောင့် ထွက်ခဲ့ရတာ၊ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်က အာဆင်နယ်နဲ့ အမှတ်ကွာဟချက် ပိုကျယ်လာတာတွေ ဖြစ်ပြီးနောက်မှာ မန်စီးတီးအသင်းက ဒီနေ့မှာ ကာရာဘောင်ဖလား ဗိုလ်လုပွဲကို ယှဉ်ပြိုင်ရမှာပါ။
အသင်း ဘာကြောင့် အခက်အခဲတွေနဲ့ ရုန်းကန်နေရတယ်ဆိုတာကို သူရော ကစားသမားတွေပါ သိကြတယ်လို့ ဂွာဒီယိုလာက ဆိုပါတယ်။ "အကြောင်းရင်းကို ကျွန်တော်လည်းသိတယ်၊ ကစားသမားတွေလည်း သိတယ်။ ဒါပေမဲ့ ခင်ဗျားတို့ကိုတော့ ကျွန်တော် ပြောပြမှာ မဟုတ်ဘူး" လို့ သူက ပြောပါတယ်။ ဒီနေ့ ဝမ်ဘလေကွင်းမှာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက "တကယ်လို့ ရာသီတစ်ခုရဲ့ အောင်မြင်မှုကို ဆုဖလားတွေနဲ့ပဲ တိုင်းတာမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒီပွဲကို နိုင်ဖို့ သေချာပေါက် လိုအပ်ပါတယ်" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။