ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့ အီဆက်နဲ့ ဝီလီယမ်တို့ကို စောင့်ကြည့်နေတဲ့ အာဆင်နယ်
အာဆင်နယ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းရဲ့တိုက်စစ်ပိုင်းကို အဓိက အင်အားဖြည့်တင်းဖို့ကြိုးစားနေပြီး လက်ရှိအချိန်မှာတော့ နယူးကာဆယ်တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်နဲ့ ဘီလ်ဘာအိုတောင်ပံကစားသမား နီကိုဝီလီယမ်တို့ကို ပစ်မှတ်ထားစောင့်ကြည့်နေတယ်လို့သိရပါတယ်။
လက်ရှိအအချိန်မှာ အသင်းရဲ့အဓိကတောင်ပံကစားသမားဖြစ်တဲ့ ဘူကာယိုဆာကာတစ်ယောက် တံကောက်ကြောဒဏ်ရာ ခွဲစိတ်ကုသမှုခံယူထားရတာကြောင့် တိုက်စစ်ပိုင်းအခက်အခဲကြုံတွေ့နေရတဲ့ အာဆင်နယ်ဟာ နွေရာသီအထိ မစောင့်တော့ဘဲ တိုက်စစ်ပိုင်းကစားသမားသစ်တွေကို ယခုဆောင်းရာသီဈေးကွက်မှာပဲ ရှာဖွေနေပြီဖြစ်ပါတယ်။
သတင်းတွေအရ အာဆင်နယ်ဟာ နီကိုဝီလီယမ်အပါအဝင်၊ ဘိုင်ယန်မြူးနစ်မှ လီရွိုင်းဆာနေး၊ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် အာဒါဂူလာနဲ့ လေဗာကူဆင်ကြယ်ပွင့် ဖလော်ရီယန်ဝက်ဇ် တို့ကိုပစ်မှတ်ထားနေတယ်လို့သိရပါတယ်။ ဒါ့အပြင် အီဆက်၊ လိုက်ပစ်ဇ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်ဆခို၊ ဝုဗ်တိုက်စစ်မှူး မားသီးယက်စ်ကွန်ဟာနဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူး ဘရိုင်ယန်အမ်ဘွေမိုတို့ကိုလည်း အသင်းအတွက် အလားအလာရှိတဲ့ နံပါတ် ၉ ကစားသမားတွေအဖြစ် ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ တတိယနေရာမှာရပ်တည်နေပြီး ထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ် ၉ မှတ်အထိကွာဟနေပါတယ်။ ဒါကြောင့် ချန်ပီယံဖလားကို စိန်ခေါ်နိုင်ဖို့ဆိုရင် အာဆင်နယ်အနေနဲ့ ယခုဇန်နဝါရီမှာပဲ ကစားသမားသစ်တွေနဲ့ အသင်းကို အင်အားဖြည့်တင်းနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ဇန်နဝါရီလ ၂ ရက်နေ့မှာတော့ အာဆင်နယ်ဟာ သောမတ်စ်ဖရန့်ခ်ရဲ့ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နှစ်သစ်ကို နိုင်ပွဲနဲ့ စတင်ဖွင့်လှစ်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။