နည်းပြသစ်ရှာဖွေမှုမှာ အားတက်စရာ အခွင့်အရေးတစ်ခု ပိုင်ဆိုင်ထားတဲ့ မန်ချက်စတာယူနိုက်တက်
မိုက်ကယ်ကာရစ်ရဲကလက်အောက်မှာ အခြေမလှ၊ အကျပ်ရိုက်နေချိန် အက်ဒီဟိုဝီကို ခေါ်ယူနိုင်မယ့် ကြိုးပမ်းမှုအတွက် မန်ချက်စတာယူနိုက်တက်ဆီ အားတက်စရာ အခွင့်အရေး တစ်ခု ရောက်ရှိလာတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
သရဲနီတွေက အခုဘောလုံးရာသီ၊ ပြိုင်ပွဲစုံ ၁၂ ပွဲကစားပြီးချိန် နှစ်ပွဲသာ အနိုင်ရရှိထားလို့ ကာရစ်အတွက် အိုးထရက်ဖို့ဒ်မှာ ဖိအားတွေ ကြီးကြီးမားမား ပေါ်ပေါက်နေပါတယ်။
ယူနိုက်တက်က ဒီညကစားမယ့် ချဲလ်ဆီးနဲ့ပွဲစဉ်မှာတော့ အသက် ၄၅ နှစ်အရွယ်ကာရစ်ကို နည်းပြအဖြစ် ဆက်လက်တာဝန်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။
ဒါပေမဲ့လည်း ကာရစ်ရဲ့ယူနိုက်တက်နည်းပြသက်တမ်းက နေဝင်ချိန်ရောက်လုနီးပါး ဖြစ်သလို သူ့ရဲ့နေရာမှာ ဘယ်သူအစားထိုးဝင်ရောက်မလဲဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။
ဒီနည်းပြရာထူးအတွက် ကွန်တီ၊ နာဂယ်လ်စ်မန်းနဲ့ နယူးကာဆယ်နည်းပြဟောင်းဟိုဝီတို့လို ပုဂ္ဂိုလ်တွေ ရေပန်းစားနေပါတယ်။
ယူနိုက်တက်နည်းပြဖြစ်လာဖို့ ဟိုဝီ ရေပန်းအစားဆုံးဖြစ်နေတယ်လို့ ယူဆရပေမဲ့ လတ်တလော အသင်းလက်မဲ့ဖြစ်နေတဲ့ သူ့ကို ခေါ်ယူမယ်ဆိုရင် နယူးကာဆယ်ဆီ လျော်ကြေးငွေပေးရဖို့ ရှိနေပါတယ်။
BBC Sport ရဲ့ ဖော်ပြချက်အရ မူလ ပေါင် ၆ သန်းလို့ သတင်းထွက်ပေါ်ခဲ့တဲ့ လျော်ကြေးငွေပမာဏက အခုတော့ ထက်ဝက်တိတိ လျော့ကျသွားလို့ ဟိုဝီကို ခန့်အပ်ဖို့ကိစ္စ ပိုပြီး ဆွဲဆောင်မှုရှိလာတယ်လို့ သိရပါတယ်။
နယူးကာဆယ်မှ ထွက်ခွာလာပြီးနောက်ပိုင်း ဟိုဝီက အချိန်အတိုင်းအတာတစ်ခုအထိ အနားယူဖို့ ရည်ရွယ်ထားခဲ့ပေမဲ့ ယူနိုက်တက်နည်းပြရာထူးအတွက်ဆိုရင်တော့ ဘောလုံးလောကဆီ ပြန်လည်ဝင်ရောက်လာနိုင်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားပါတယ်။