ဘာစီလိုနာဆီ အံ့အားသင့်ဖွယ်ပြောင်းရွှေ့သွားဖို့ ဖလော်ရီယန်ဝစ်ဇ်ကို ဂျာမန်ဂန္တဝင်တိုက်တွန်း
လီဗာပူးမှ ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့အတွက် ဖလော်ရီယန်ဝစ်ဇ်ကို ဂျာမန်ဘောလုံးဂန္တဝင်အိုလီဗာဘီယာဟော့ဖ်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
၂၀၂၅ ခုနှစ်၊ နွေရာသီမှာ လေဗာကူဆင်မှ ပေါင် ၁၁၆ သန်းဖြင့် ပြောင်းရွှေ့လာခဲ့တဲ့ ဖလော်ရီယန်ဝစ်ဇ်က ကြိုးကြာနီတွေအတွက် ၅၅ ပွဲကစား၊ ခုနစ်ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ထားပါတယ်။
ဒီလိုဖန်တီးမှုစွမ်းရည်မြင့်ကွင်းလယ်လူနဲ့ပတ်သက်လို့ လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်ကိုယ်တိုင် ဆာဘီးယားနဲ့ပွဲစဉ်အပြီးမှာ ချီးကျူးပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ တဖက်မှာလည်း ဖလော်ရီယန်ဝစ်ဇ်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပိုင်းမတည်ငြိမ်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာအားနည်းချက်တွေကြောင့် ဘောလုံးသုံးသပ်သူတွေဆီမှရော၊ ပရိသတ်တွေဆီမှပါ ဝေဖန်မှုတွေ ရရှိနေပါတယ်။
ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးရဲ့အရည်အသွေးအချို့ပါဝင်နေတဲ့ မာဆေးဆိုဒ်မတည်မငြိမ်ကာလတစ်ခုအပြီး ဖလော်ရီယန်ဝစ်ဇ်ကို လီဗာပူးမှထွက်ခွာကာ စပိန်ထိပ်သီးဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ ဘီယာဟော့ဖ်က အကြုံပြုလာပါတယ်။
ဘီယာဟော့ဖ်က "ဥပမာအားဖြင့် ဟန်စီဖလစ်ခ်ရဲ့ဘာစီလိုနာမှာဆိုရင် ဖလော်ရီယန်ဝစ်ဇ်အတွက် ကောင်းကောင်း အံဝင်ခွင်ကျဖြစ်နိုင်ပြီး အဲ့ဒီမှာ သူ့အတွက် နေရာလွတ်တွေရော၊ အံ့ဖွယ်အသင်းဖော်တွေကိုပါ ပိုင်ဆိုင်ပါလိမ့်မယ်"
"သူက ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးဖြစ်ပြီး အခုတော့ တသမတ်တည်းရှိတဲ့ စွမ်းဆောင်ရည်တွေနဲ့ ကိုယ့်ရဲ့အမှတ်လက္ခဏာကို ချန်ရစ်ထားနိုင်ဖို့အတွက် နောက်တစ်ကြိမ် ထပ်မံသက်သေပြသွားဖို့ လိုအပ်နေပါတယ်" လို့ ပြောပါတယ်။
စပိန်လက်ရွေးစင်နည်းပြဒီလာဖွန်တေကိုယ်တိုင်လည်း ဖလော်ရီယန်ဝစ်ဇ်ကို အံ့ဩစရာကစားသမားတစ်ဦးအဖြစ် ချီးကျူးခဲ့သလို ဂျာမန်သားအတွက် စပိန်နိုင်ငံကူးလက်မှတ်မရှိတာ ကံဆိုးတာပဲလို့ ဖွင့်ဟခဲ့ပါတယ်။