ကာရာဘောင်းဖလားနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေ တိုက်ဆိုင်နေမှုကြောင့် ယူအီးအက်အေဖ်ကို စိတ်ပျက်မိတယ်လို့ EFL ပြောကြား
အင်္ဂလန်ဘောလုံးလိဂ်အဖွဲ့ချုပ်(EFL)က ချန်ပီယံလိဂ်ပွဲစဉ်တွေနဲ့ တိုက်ဆိုင်နေမှုကြောင့် ကာရာဘောင်းဖလားတတိယအဆင့်ပွဲစဉ်တွေရဲ့အချိန်ဇယားကို ပြန်လည်ပြင်ဆင်ခဲ့ပြီးနောက် ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ကို စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
EFL က အစောပိုင်းမှာ အဲဗာတန်အသင်းရဲ့ ဝုဗ်နဲ့ရင်ဆိုင်ရမယ့် အဲဗာတန်ရဲ့အိမ်ကွင်းပွဲစဉ်ကို စက်တင်ဘာ ၉ ရက်မှာကစားဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ယူအီးအက်ဖ်အေကလည်း လီဗာပူးအသင်းရဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ချန်ပီယံလိဂ်ပွဲစဉ်ကို အဲ့ဒီနေ့ညနေပိုင်းမှာပဲ ယှဉ်ပြိုင်ကစားစေဖို့ အချိန်ဇယားသတ်မှတ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးဆိုင်ရာကိုင်တွယ်ဆောင်ရွက်မှုအခက်အခဲတွေကြောင့် လီဗာပူးနဲ့ အဲဗာတန်အသင်းတို့က တစ်နေ့တည်းမှာ အိမ်ကွင်းပွဲစဉ်တွေ တပြိုင်တည်းယှဉ်ပြိုင်ကစားလို့ မရပါဘူး။
EFL ရဲ့ထုတ်ပြန်ချက်မှာ " သြဂုတ် ၂၈ ရက်ကတည်းက အဲဗာတန်နဲ့ဝုဗ်တို့ရဲ့ ကာရာဘောင်းဖလားတတိယအဆင့်ပွဲစဉ်ကို စက်တင်ဘာ ၉ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ကစားဖို့ သတ်မှတ်ထားခဲ့ပါတယ်" လို့ ဖော်ပြထားပါတယ်။
"ဒါကို ပုံမှန်လုပ်ထုံးလုပ်နည်းတွေအတိုင်း ပွဲစဉ်တွေမထုတ်ပြန်မီ ဒေသတွင်း သက်ဆိုင်သူတွေနဲ့အတူ အတည်ပြုခဲ့တာပါ။ အဲဗာတန်နဲ့ လီဗာပူးအသင်းတို့ တစ်နေ့တည်းမှာ အိမ်ကွင်းပွဲစဉ်တွေကစားဖို့ မဖြစ်နိုင်ဘူးဆိုတာကို ရှင်းလင်းစွာ သိရှိနေပါလျက် ပြီးခဲ့တဲ့စနေနေ့မှာတော့ ယူအီးအက်ဖ်အေက လီဗာပူးနဲ့ အက်သလက်တီကိုပွဲစဉ်ကို အဲ့ဒီနေ့မှာပဲ ကစားစေမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
EFL က ရွေးချယ်စရာနည်းလမ်းတွေကို ရှာဖွေဖို့အတွက် ပြီးခဲ့တဲ့တနင်္ဂနွေနေ့မနက်ပိုင်းမှာ ယူအီးအက်ဖ်အေတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ ပြည်ပမှလာရောက်အားပေးမယ့် ပရိသတ်တွေအပေါ် သက်ရောက်မှု ရှိနိုင်လို့ သူတို့က လီဗာပူးနဲ့ အက်သလက်တီကိုမက်ဒရစ်ပွဲစဉ်ကို မရွှေ့ဆိုင်းချင်ဘူးလို့ ရှင်းရှင်းလင်းလင်းတုံ့ပြန်ခဲ့ပါတယ်"လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် အဲဗာတန်နဲ့ ဝုဗ်တို့ရဲ့ပွဲစဉ်အတွက် ရက်စွဲအသစ်ကို စက်တင်ဘာ ၁၆ ရက် အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး အဲ့ဒီနေ့ညပိုင်းမှာပဲ လီဗာပူးနဲ့ တော့တင်ဟမ်တို့ရဲ့ ကာရာဘောင်းဖလားပွဲစဉ်လည်း ရှိနေပြန်ပါတယ်။ ဒါကြောင့် လီဗာပူးအသင်းရဲ့ပွဲစဉ်ကို မူလထက် ၂၄ နာရီစောပြီး ယှဉ်ပြိုင်ကစားစေဖို့ ပြင်ဆင်ခဲ့ပါတယ်။
"ပြီးခဲ့တဲ့ရာသီတွေမှာ ယူအီးအက်ဖ်အေရဲ့ကလပ်အသင်းအဆင့်ပြိုင်ပွဲတွေ တိုးချဲ့ကျင်းပလာမှုကြောင့် ဒါနဲ့အဆင်ပြေစေဖို့ လိဂ်တွေဘက်က အပြောင်းအလဲတွေ အများကြီး ပြုလုပ်ပေးခဲ့ရပါတယ်။ ဒီလိုပြိုင်ပွဲတွေတိုးချဲ့တယ်ဆိုတာလည်း ပြည်တွင်းလိဂ်တွေနဲ့ သေချာတိုင်ပင်ဆွေးနွေးမှုမရှိဘဲ ဆုံးဖြတ်ခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်" လို့ EFL က ဆိုပါတယ်။
"ဒါက ပူးပေါင်းဆောင်ရွက်ဖို့အတွက် ယူအီးအက်ဖ်အေရဲ့ငြင်းဆန်မှုကို ပိုမိုစိတ်ပျက်စရာ ဖြစ်စေပြီး အထူးသဖြင့် ထိခိုက်မှုရှိခဲ့တဲ့ကလပ်အသင်းငါးခုရဲ့ပရိသတ်တွေအတွက် ဖြစ်ပေါ်လာမယ့်အဆင်မပြေမှုတွေအပေါ် အလေးအနက်တောင်းပန်အပ်ပါတယ်" လို့ EFL က ထပ်လောင်းပြောကြားခဲ့ပါတယ်။