စပိန်ကြယ်ပွင့် နီကိုဝီလျံကို ခေါ်ယူဖို့ ပြန်လည်ကြိုးပမ်းလာတဲ့ အာဆင်နယ်
အာဆင်နယ်နည်းပြ မီကေလ် အာတီတာက ၂၀၂၆-၂၇ ပရီးမီးယားလိဂ်ရာသီ မစတင်ခင်မှာ သူ့ရဲ့ တိုက်စစ်ဘယ်တောင်ပံကို အင်အားဖြည့်တင်းဖို့ ရှာဖွေနေပါတယ်။
လက်ရှိချန်ပီယံ အာဆင်နယ်အသင်းဟာ လီယန်ဒရို ထရော့ဆတ်က ဘီဆစ်တပ်စ်အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်သလို ဂါဘရီယယ် မာတင်နယ်လီလည်း အသင်းက ထွက်ခွာဖို့ ရှိနေတာကြောင့် တိုက်စစ်ကစားသမားသစ်တစ်ယောက် ခေါ်ယူဖို့ ဈေးကွက်ထဲမှာ ရှာဖွေနေတာ ဖြစ်ပါတယ်။
Teamtalk.com ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အားကစားဒါရိုက်တာ အန်ဒရီယာ ဘာတာဟာ အသလတ်တစ်ကလပ်ကနေ ထွက်ခွာဖို့ နားချနိုင်မယ်ဆိုရင် သူတို့ ကြာရှည်ပစ်မှတ်ထားခဲ့တဲ့ နီကိုဝီလျံကို ခေါ်ယူဖို့ အစီအစဉ်တွေကို ပြန်လည်စတင်နေပြီလို့ သိရပါတယ်။
ဝီလျံဟာ ၂၀၂၄ ခုနှစ်တုန်းက ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ သေချာသလောက်ရှိခဲ့ပေမဲ့ အပြောင်းအလဲသတင်းတွေ အကြာကြီးထွက်ပေါ်ပြီးနောက်မှာတော့ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ဘာစကေးကလပ်နဲ့ပဲ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ကစားသမားလေးဟာ ၂၀၂၅-၂၆ ရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် လာလီဂါပွဲစဉ် ၂၀ မှာပဲ ပွဲထွက်ကစားခွင့်ရခဲ့ပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် လူဝစ်ဒီလာဖွန်တေးရဲ့ စပိန်အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပြီး အာဂျင်တီးနားနဲ့ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ ဖာရန်တောရက်စ် သွင်းယူခဲ့တဲ့ အနိုင်ဂိုးကို ဖန်တီးပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဝီလျံအပေါ် စိတ်ဝင်စားမှုတွေက မြင့်တက်နေဆဲဖြစ်ပြီး အသလတ်တစ်ကလပ်အနေနဲ့လည်း ၂၀၂၆-၂၇ ရာသီမှာ ဥရောပဝင်ခွင့် လွဲချော်ခဲ့တာကြောင့် ဘဏ္ဍာရေးမျှခြေအတွက် ကစားသမားကို ဈေးကြီးကြီးနဲ့ ရောင်းချဖို့ စဉ်းစားလာနိုင်ပါတယ်။
သူ့ရဲ့စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၇၇ သန်း ရှိနေပြီး ဒါဟာ အာဆင်နယ်အသင်းရဲ့ အသုံးစရိတ်ဘတ်ဂျက်ထဲမှာ ရှိနေပေမဲ့ အာတီတာအနေနဲ့ စပိန်ကလပ်ဆီ ကမ်းလှမ်းမှု မပြုလုပ်ခင်မှာ ကစားသမားတချို့ကို အရင်ရောင်းထုတ်ဖို့ လိုအပ်နိုင်ပါတယ်။