အင်တာမိုင်ယာမီအသင်းက သူတို့ရဲ့ 'ဦးစားပေးပစ်မှတ်' ဖြစ်တဲ့ ကတ်စ်မဲရိုးကို ခေါ်ယူဖို့ လုပ်ဆောင်နေ
လီယွန်နယ်မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းဟာ မန်ယူအသင်းရဲ့ ကွင်းလယ်လူ ကတ်စ်မဲရိုးကို MLS လိဂ်ဆီ ခေါ်ဆောင်လာဖို့အတွက် လက်ရှိမှာ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သတင်းများအရ သိရပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကတ်စ်မဲရိုးဟာ အခုရာသီကုန်မှာ မန်ယူအသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး ကလပ်အသင်းနဲ့ ၄ နှစ်တာ လက်တွဲခဲ့မှုကို အဆုံးသတ်တော့မှာဖြစ်ကြောင်း ကြေညာထားပြီးသား ဖြစ်ပါတယ်။ ကတ်စ်မဲရိုးဟာ အခုရာသီမှာ မန်ယူအသင်းအတွက် ၃၃ ပွဲ ကစားပေးထားပြီး ၉ ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးပေးထားနိုင်တာကြောင့် ဒါဟာ သူ အိုးထရပ်ဖို့ဒ်ကို စရောက်ကတည်းကဆိုရင် အကောင်းဆုံးရာသီတစ်ခုလို့တောင် ပြောလို့ရပါတယ်။ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမန်နိုရဲ့ အဆိုအရ မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းဟာ ကတ်စ်မဲရိုးကို သူတို့ရဲ့ ‘ဦးစားပေးပစ်မှတ်’ အဖြစ် သတ်မှတ်ထားပြီး ခေါ်ယူနိုင်ဖို့အတွက် အသေအချာ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၅ ခုနှစ်ကုန်မှာ ဘောလုံးလောကကနေ အနားယူသွားခဲ့တဲ့ ဆာဂျီယို ဘူးစကွက်စ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ကတ်စ်မဲရိုးကို ရည်ရွယ်နေတာလည်း ဖြစ်ပါတယ်။