မက်ဆီနဲ့ ရော်နယ်ဒိုထဲက ဘယ်သူက အကောင်းဆုံးလဲဆိုတဲ့ အငြင်းပွားမှုအပေါ် အာဆင်နယ်ဂန္ထဝင် အွန်နရီရဲ့ မှတ်ချက်
ပြင်သစ်နဲ့ အာဆင်နယ်ဂန္ထဝင်ကစားသမား အွန်နရီက လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့ကြား ကာလရှည်ကြာဖြစ်ပွားနေတဲ့ ဘယ်သူက အကောင်းဆုံးလဲဆိုတဲ့ အငြင်းပွားမှုအပေါ် ဝင်ရောက်မှတ်ချက်ပေးခဲ့ပါတယ်။
လန်ဒန်မှာပြုလုပ်တဲ့ ပွဲတစ်ခုမှာ အောင်မြင်မှုပေါင်းများစွာ ရရှိခဲ့တဲ့ အဲဒီတိုက်စစ်မှူးက သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးချယ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
အွန်နရီက သူတို့နှစ်ဦးရဲ့ အပြိုင်အဆိုင်ဖြစ်မှုကို တင်းနစ်လောကရဲ့ ဂန္ထဝင်တွေဖြစ်တဲ့ ရော်ဂျာဖက်ဒရာနဲ့ ရာဖေးလ်နာဒါလ်တို့နဲ့ နှိုင်းယှဉ်ခဲ့ပြီး သူတို့နှစ်ယောက်ကို တစ်ယောက်နဲ့တစ်ယောက် ခွဲခြားဖို့ ကြိုးစားနေတာဟာ သူတို့နှစ်ဦးစလုံးရဲ့ ကြီးကျယ်ခမ်းနားမှုကို မျက်ကွယ်ပြုရာရောက်တယ်လို့ ဆိုပါတယ်။
"ဒါဟာ မှားယွင်းတဲ့ လုပ်ရပ်တစ်ခုပါ။ လူတွေက သူတို့နှစ်ယောက်စလုံးရဲ့ ကစားဟန်တွေကို ကြည့်ရှုခံစားနိုင်ပါလျက်နဲ့ ဘာလို့များ ခွဲခြားချင်နေကြတာလဲ" လို့ သူက Marca ကို ပြောကြားခဲ့ပါတယ်။
"ကျွန်တော် မက်ဆီနဲ့အတူ တွဲကစားခဲ့ဖူးတာကြောင့် သူ့ကို ပိုပြီးသံယောဇဉ်ရှိတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒီအချက်ကြောင့်ပဲ ကျွန်တော် ခရစ္စတီယာနိုကို ဘယ်တော့မှ အပြစ်မပြောပါဘူး။ သူတို့နှစ်ယောက်စလုံးက ဘောလုံးလောကရဲ့ လကမ္ဘာပေါ်မှာ ရောက်ရှိနေကြသူတွေပါ"
"သူတို့က တခြားဂြိုဟ်က လာသူတွေလိုပါပဲ။ အားကစားသမိုင်းတစ်လျှောက်က နာဒါလ်နဲ့ ဖက်ဒရာ၊ ပရော့စ်နဲ့ ဆန်နာတို့လိုပဲ တစ်ယောက်ကိုတစ်ယောက် ပိုပြီး တိုးတက်ကောင်းမွန်လာအောင် တွန်းအားပေးနိုင်ခဲ့ကြပါတယ်။ ခရစ္စတီယာနိုနဲ့ လီယိုတို့ကတော့ ပြိုင်ဆိုင်မှုတွေရဲ့ အထက်မှာ ရှိနေကြပါပြီ" လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။