ခဏခဏပြန်ဖြစ်နေတဲ့ ပေါင်ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူလိုက်ရတဲ့ ရီးရဲလ်နောက်ခံလူ ဖာလန်မန်ဒီ
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ခံလူ ဖာလန်မန်ဒီဟာ ညာဘက်ပေါင်မှာ ခဏခဏပြန်ဖြစ်နေတဲ့ ဒဏ်ရာကြောင့် တနင်္လာနေ့က ခွဲစိတ်ကုသမှု ခံယူခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တစ်ခုကနေတစ်ဆင့် သိရပါတယ်။ ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အဲဒီခွဲစိတ်မှုဟာ အောင်မြင်ခဲ့ပြီး မန်ဒီအနေနဲ့ နောက်ထပ် ၃ လကနေ ၄ လအတွင်း ကွင်းထဲပြန်ဝင်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ မေလ ၃ ရက်နေ့က ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အဲဒီဒဏ်ရာက ပြန်ပေါ်လာခဲ့တာဖြစ်ပြီး အသက် ၃၀ အရွယ် ပြင်သစ်ကစားသမား မန်ဒီအနေနဲ့ သူ့ရဲ့ကစားသမားဘဝကိုပါ ထိခိုက်နိုင်တဲ့ ဒီဒဏ်ရာကြောင့် တစ်နှစ်လောက်အထိ အနားယူရမလားဆိုပြီး စိုးရိမ်မှုတွေလည်း ရှိခဲ့တာပါ။ မန်ဒီဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ပဲ အချိန်ကုန်နေရပြီး ဒါဟာ သူ့အတွက် ဒီရာသီအတွင်း ၅ ကြိမ်မြောက် ရရှိတဲ့ ဒဏ်ရာလည်း ဖြစ်ပါတယ်။ လီဟာဗေးနဲ့ လိုင်ယွန်အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ မန်ဒီဟာ ၂၀၀၄ ကနေ ၂၀၁၂ ခုနှစ်အထိ ပီအက်စ်ဂျီ (PSG) လူငယ်အကယ်ဒမီမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး ၂၀၁၈ နဲ့ ၂၀၂၄ ခုနှစ်ကြားမှာတော့ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၁၀ ပွဲ ပါဝင်ကစားပေးထားပါတယ်။