The network connection is lost.

Banner Image

ဘော်လွန်းဒီအော်ဆုအတွက် တပည့်ဖြစ်သူကို ထောက်ခံပြောကြားလိုက်တဲ့ မာတီနက်ဇ်

ပေါ်တူဂီအသင်းနည်းပြ မာတီနက်ဇ်က ပီအက်စ်ဂျီအသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဗီတင်ဟာတစ်ယောက် ဘော်လွန်းဒီအော်ဆုဆန်ခါတင်စာရင်းမှာပါဝင်သင့်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲအဖြစ် ဂျာမနီအသင်းကိုအနိုင်ယူနိုင်ခဲ့တဲ့ပွဲမှာ ခြေစွမ်းကောင်းတစ်ရပ်ပြသနိုင်ခဲ့ပြီးနောက် ပေါ်တူဂီနည်းပြ မာတီနက်ဇ်က ဗီတင်ဟာအနေနဲ့ အခုနှစ်ဘော်လွန်းဒီအော်ဆုဆန်ခါတင်စာရင်းမှာ ပါဝင်သင့်တယ်လို့ ထင်မြင်နေပါတယ်။

အဲဗာတန် နဲ့ ဘယ်လ်ဂျီယံနည်းပြဟောင်းဟာ ပီအက်စ်ဂျီစတားကို ပွဲကစားချိန် ၅၈ မိနစ်မှာ လူစားလဲခဲ့တာဖြစ်ပါတယ်။ အဆိုပါလူစားလဲမှုက အလုပ်ဖြစ်ခဲ့ပြီး ဗီတင်ဟာတစ်ယောက် ခြေစွမ်းကောင်းပြသနိုင်ခဲ့ကာ ၂၀၀၀ ခုနှစ်နောက်ပိုင်း ဂျာမနီကိုပထမဆုံးအကြိမ် ၂-၁ နဲ့အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဗီတင်ဟာတစ်ယောက် ပီအက်စ်ဂျီကွင်းလယ်မှာ ဖေဘီယန်ရုဇ် ၊ ဂျာအိုနီဗက်စ်တို့နဲ့အတူ အတွဲညီခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီအသင်းကိုလည်း ပထမဆုံးချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဂျာမနီကိုအနိုင်ရပြီးနောက် မာတီနက်ဇ်က “ဒီရာသီဗီတင်ဟာ လုပ်ပြခဲ့တဲ့အရာတစ်ခုရှိပါတယ်။ ကျွန်တော့်အတွက်ကတော့ သူ့ကိုသံသယမရှိသလို ပီအက်စ်ဂျီမှာ သူအရာအားလုံးလုပ်ပြခဲ့ပါတယ်။ အဆိုပါအခြေအနေတွေကြောင့် သူကဘော်လွန်းဒီအော်ဆုနဲ့ ထိုက်တန်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ 

အသက် ၂၅ နှစ်သားဟာ တနင်္ဂနွေနေ့မှာလည်း ဆက်လက်ပါဝင်လာဖွယ်ရှိနေပြီး ပေါ်တူဂီအနေနဲ့ အခြားတစ်ဖက်က စပိန် ဒါမှမဟုတ် ပြင်သစ်စတဲ့အသင်းတစ်သင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲ့နောက် ဗီတင်ဟာအနေနဲ့ အမေရိကမြေမှာကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပီအက်စ်ဂျီနဲ့ပူးပေါင်းမှာဖြစ်ပါတယ်။