ပီအက်စ်ဂျီကြယ်ပွင့်ဗီတင်ဟာကို ခေါ်ယူဖို့ အရှိန်မြှင့်ကြိုးပမ်းနေတဲ့ ရီးရဲလ်မက်ဒရစ်
စပိန်ဘီလူးကြီးရီးရဲလ်မက်ဒရစ်က အသင်းကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ပီအက်စ်ဂျီကွင်းလယ်ကစားသမားဗီတင်ဟာကို ခေါ်ယူရန် အရှိန်မြှင့်ကြိုးပမ်းလာနေပြီလို့ သတင်းတွေအရ သိရပါတယ်။ပြည်တွင်းပြည်ပပြိုင်ပွဲကြီးတွေမှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်ပိုင်းနဲ့အတူ နည်းပြအလွန်ဆိုနဲ့ပါ လမ်းခွဲခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အတွက် စိတ်ပျက်စရာကောင်းတဲ့ဘောလုံးရာသီတစ်ခု ဖြစ်လာနေပါတယ်။
အသင်းဥက္ကဋ္ဌဖလော်ရင်တီနိုပီရက်ဇ်ကတော့ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းရဲ့ အားနည်းချက်တွေကို ပြုပြင်နိုင်ဖို့နဲ့ အသင်းကွင်းလယ်ပိုင်းမှာ အင်အားမျှခြေရှိနေဖို့ ကွင်းလယ်စူပါစတားတစ်ဦးခေါ်ယူသွားရန် ရည်ရွယ်နေပါတယ်။
AS သတင်းဌာနရဲ့ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က အသက် ၂၅ နှစ်အရွယ်ပီအက်စ်ဂျီကြယ်ပွင့်ဗီတင်ဟာကို အဓိကပစ်မှတ်ကစားသမားစာရင်းရဲ့ထိပ်ဆုံးနေရာမှာထားရှိပြီး အပြောင်းအရွှေ့ဖြစ်ပေါ်လာရေး ကြိုးပမ်းသွားလိမ့်မယ်လို့ သိရပါတယ်။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ်က လာမယ့်နွေရာသီမှာ အယ်လ်ခမာအသင်းရဲ့လူငယ်ကြယ်ပွင့် ကီးစ်စမစ်အပြင် ဗဟိုခံစစ်မှူးနှစ်ဦးကိုလည်း ထပ်မံခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။