The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဖလားရတဲ့နေ့က ဘဝရဲ့အကောင်းဆုံးနေ့ဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ မာကွင်ဟိုစ်

တနင်္ဂနွေနေ့နံနက်က အင်တာမီလန်ကို ၅-၀ နဲ့အနိုင်ယူကာ ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီနောက်ခံလူ မာကွင်ဟိုစ်က အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားရတဲ့နေ့က သူ့ဘဝရဲ့အကောင်းဆုံးနေ့ရက်ဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ယခုနိုင်ပွဲဟာ ပီအက်စ်ဂျီအတွက် သမိုင်းဝင်နိုင်ပွဲဖြစ်သလို ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဗိုလ်လုပွဲအတွင်း ပထမဆုံးအကြိမ် ပြိုင်ဘက်အသင်းကို ၅ ဂိုးပြတ်သွင်းယူနိုင်တဲ့ စံချိန်ကိုလည်း ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ပီအက်စ်ဂျီအတွက်ဦးဆောင်ဂိုးကို ဟာကီမီက ပွဲကစားချိန် ၁၂ မိနစ်မှာ စတင်သွင်းယူပေးခဲ့တာဖြစ်ပြီး ဒူအီ၊ ခဗာရက်စ်ခီလီယာနဲ့ မာယူလူတို့က နောက်ထပ်သွင်းဂိုးတွေ ထပ်မံသွင်းယူပေးခဲ့ကြပါတယ်။ 

ပြင်သစ်လီဂူးအမှတ်ပေးဖလားနဲ့ ပြင်သစ်ဖလားတို့ကို ရရှိထားတဲ့ ပီအက်စ်ဂျီဟာ ယခုအခါမှာ ချန်ပီယံလိဂ်ဖလားကိုပါ ထပ်မံသိမ်းပိုက်နိုင်ခဲ့တာကြောင့် ဘောလုံးသမိုင်းတစ်လျှောက် သမိုင်းဝင်ဖလား ၃ လုံးဆွတ်ခူးနိုင်တဲ့ ၉ သင်းမြောက် ဥရောပအသင်းအဖြစ်မှတ်တမ်းဝင်ခဲ့သလို၊ ဆုဖလား ၃ လုံးအောင်မြင်မှုရရှိတဲ့ ပထမဆုံး ပြင်သစ်ကလပ်လည်းဖြစ်လာခဲ့ပါတယ်။ 

ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပွဲပေါင်း ၁၆၈ ပွဲအထိ ကစားထားခဲ့ပြီးမှ ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဆုဖလားအောင်မြင်မှုရရှိဖို့ ပွဲအများဆုံးကစားခဲ့ရတဲ့ အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါသေးတယ်။ မာကွင်ဟိုစ်ဟာ ၂၀၂၀ ခုနှစ်ကလည်း ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ပေမယ့် ထိုစဉ်ကတော့ ဘိုင်ယန်မြူးနစ်ကိုရှုံးနိမ့်ပြီး ဆုဖလားနဲ့ဝေးကွာခဲ့ရဖူးပါတယ်။ 

ယခုအခါမှာတော့ ကစားသမားက “ကျွန်တော့်ရဲ့အပျော်တွေက ရောထွေးနေပါတယ်။ ကျွန်တော်အရင်က အသင်းနဲ့အတူ နာကျင်မှုကိုခံစားခဲ့ရပြီး တိုးတက်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအသင်းကိုရောက်လာတဲ့ကစားသမားအများဆုက အောင်မြင်မှုမရတဲ့နောက်ပိုင်းမှာ ထွက်ခွာသွားကြတာများပါတယ်။ ကျွန်တော်စံထားရတဲ့ သီယာဂိုးဆေးလ်ဗား၊ လူးကပ်စ်မော်ရာ၊ ဇလာတန်အီဘရာဟီမိုဗစ်၊ ကာဗာနီ၊ ဒီမာရီယာ တို့လို့ကစားသမားတွေပေါ့။ သူတို့က အောင်မြင်မှုနဲ့ထိုက်တန်ပေမယ့် အောင်မြင်မှုမရခင် ထွက်ခွာခဲ့ရပါတယ်” 

“အခုတော့ ကျွန်တော်တို့ အောင်မြင်မှုရရှိခဲ့ပါပြီ။ ပရိသတ်တွေအနေနဲ့လည်း အချိန်အကြာကြီးစောင့်ခဲ့ပြီးမှ ဆုဖလားကိုရရှိခဲ့လို့ ကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဒီနေ့က ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးနေ့ပါပဲ။ ဒါက ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပါ။ ကျွန်တော်တို့ ဒီလောက်အထိလုပ်နိုင်မယ်လို့ ဘယ်သူမှမယုံခဲ့ကြပါဘူး။ ဒီဆုဖလားကိုရဖို့ ကျွန်တော်အသင်းမှာ ၁၂ နှစ်အထိနေထိုင်ခဲ့ရပါတယ်။ ဒီဆုဖလားက ကျွန်တော့်အတွက် အရမ်းတန်ဖိုးရှိပါတယ်။ ကျွန်တော်အရမ်းပျော်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။