
ဘာစီလိုနာကိုအနိုင်ရပြီးနောက် ပီအက်စ်ဂျီစတား ၃ ဦးကို အင်းနရစ် ချီးကျူး
ပီအက်စ်ဂျီနည်းပြ အင်းနရစ်က ဘာစီလိုနာကိုအနိုင်ရပြီးနောက် ဒမ်ဘီလီမပါဝင်နိုင်ပေမယ့် ခြေစွမ်းပြနိုင်ခဲ့တဲ့ အသင်းကစားသမား ၃ ဦးကို ချီးကျူးလိုက်ပါတယ်။ ပီအက်စ်ဂျီဟာ အဝေးကွင်းမှာ ဘာစီလိုနာကို မာယူလူ ၊ ဂွန်ကာလိုရာမို့စ်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒမ်ဘီလီ နဲ့ ဒူအေးတို့မပါဝင်နိုင်ပေမယ့် ပီအက်စ်ဂျီဟာ လိုချင်တဲ့အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့ပါတယ်။
အဆိုပါပွဲမှာ ပီအက်စ်ဂျီစတား ၃ ဦးဖြစ်တဲ့ နူနိုမန်ဒက်စ် ၊ ဟာကီမီ နဲ့ ဗီတင်ဟာတို့က စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။ မန်ဒက်စ်ဟာ မာယူလန်ရဲ့ချေပဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို ဟာကီမီကလည်း ရာမို့စ်ရဲ့အဆုံးအဖြတ်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဆိုပါနိုင်ပွဲအပြီးမှာ အင်းနရစ်က ဒမ်ဘီလီဒဏ်ရာကြောင့်မပါဝင်နိုင်ချိန်မှာ မန်ဒက်စ် ၊ ဟာကီမီ နဲ့ ဗီတင်ဟာတို့ိကို အကောင်းဆုံးကစားသမားတွေလို့ ချီးကျူးခဲ့ပါတယ်။
ပွဲအပြီးအင်တာဗျူးမှာ အင်းနရစ်က ဗီတင်ဟာ နဲ့ ပြိုင်ဘက်ကစားသမား ပီဒရီတို့ကို ချီးကျူးခဲ့ပါတယ်။ “ပီဒရီနဲ့အတူ ဗီတင်ဟာက ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူလို့ပြောနိုင်ပါတယ်။ မန်ဒက်စ် နဲ့ ဟာကီမီလား?။ သူတို့ကလည်း ကမ္ဘာပေါ်က အကောင်းဆုံးနောက်ခံလူတွေပါ။ သူတို့က ဘာမဆိုလုပ်နိုင်ပါတယ်။ ဘာစီလိုနာနဲ့ပွဲက အလျင်မလိုဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ခင်ဗျားဘယ်လိုအထိုင်ကျရမလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ မနှစ်ကတုန်းက ကျွန်တော်တို့ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရပါတယ်။
ဒီနေ့မှာလည်း အဲ့တာကို သက်သေတစ်ကြိမ်ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဆက်လက်ပြီးလုပ်ဆောင်ရပါမယ်။ ပြီးတော့ ကျွန်တော်တို့ ၁၇ နှစ် ဒါမှမဟုတ် ၁၈ နှစ်သားတွေနဲ့ ကစားခဲ့ရတာပါ။ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ယုံကြည်မှုရှိပါတယ်”လို့ အင်းနရစ်က ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာနည်းပြ ဖလစ်က အင်းနရစ်ရဲ့အသင်းအရည်အချင်းကိုသိထားသလို သူတို့က အနိုင်ရလဒ်နဲ့ထိုက်တန်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ ကြိုးစားတာကြောင့် ပေးဂိုးတွေအများကြီးပေးရပါတယ်။ ပီအက်စ်ဂျီက လူငယ်တွေနဲ့အတူ အရမ်းကောင်းတဲ့အသင်းဆိုတာ သိပြီးသားပါ။ အခုနိုင်ပွဲနဲ့ သူတို့က ထိုက်တန်ပါတယ်။ ကျွန်တော်တို့ သူတို့ကို ဂုဏ်ပြုရပါမယ်”လို့ အင်းနရစ်က ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ လာမယ့်အောက်တိုဘာ ၅ ရက်နေ့မှာ လိုင်လီနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အခုအရှိန်အဟုန်ကို ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။