The network connection is lost.

Banner Image

လက်ရွေးစင်ကစားသမားဘ၀ အနားယူပြီလို့ တရားဝင်ကြေညာလိုက်တဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီ

ဘိုကာဂျူနီယာတိုက်စစ်မှူးကာဗာနီက ယမန်နေ့(ကြာသပတေးနေ့)မှာပဲ ဥရုဂွေးလက်ရွေးကစားသမားဘ၀ အနားယူပြီလို့ တရားဝင်ကြေညာလိုက်ပါတယ်။

၂၀၁၁ ကိုပါအမေရိကဖလားချန်ပီယံက ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကိုလံဘီယာနဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျတဲ့ ခြေစမ်းပွဲစဉ်မှာ လက်ရွေးစင်ကစားသမားဘ၀ စတင်ခဲ့ပါတယ်။ အသက်-၃၇ နှစ်အရွယ် ကစားသမားက ဥရုဂွေးလက်ရွေးစင်အသင်းအတွက် ဒုတိယမြောက်ပွဲအများဆုံး ကစားပေးထားတဲ့ကစားသမား(၁၃၆ ပွဲ)ဖြစ်သလို လူးဝစ်ဆွာရက်ဇ်ရဲ့နောက် ဒုတိယမြောက်သွင်းဂိုးအများဆုံး ကစားသမား(၅၈ ဂိုး)လည်း ဖြစ်ပါတယ်။

Instagram လူမှုကွန်ရက်မှတဆင့် ကာဗာနီက “ အလွန်အဖိုးထိုက်တန်လှတဲ့ နှစ်သက္ကရာဇ်တွေ အများကြီးရှိခဲ့တယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ ကျွန်တော့်မှာ ပြောစရာတွေ၊ အမှတ်တရဖြစ်စရာတွေ အများကြီးရှိနေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်က ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းရပ်အတွက် နောက်ထပ်ပုံစံအသစ်တစ်ခုဆီမှာ ကိုယ့်ကိုကိုယ် ရင်းနှီးမြှုပ်နှံသွားချင်ပါတယ်။ ကျွန်တော်ရှိနေဖို့လိုအပ်တဲ့နေရာအတွက်ပဲ အရာရာတိုင်းကို ပေးဆပ်သွားချင်ပါတယ်။  ဒီနေ့မှာ ကျွန်တော် ခြေတစ်လှမ်းနောက်ပြန်ဆုတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒါပေမယ့် ကျွန်တော်က လက်ရွေးစင်ကစားသမားဘဝတုန်းကလိုပဲ ရှင်သန်နေဆဲနှလုံးသားတစ်ခုနဲ့အတူ ခင်ဗျားတို့ကို အမြဲတမ်း အားပေးထောက်ခံသွားပါလိမ့်မယ်”လို့ ရေးသားဖော်ပြခဲ့ပါတယ်။

ကလပ်အသင်းအဆင့်မှာ ကာဗာနီက ပီအက်စ်ဂျီ အသင်းနဲ့အတူ ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ လီဂူဝမ်းချန်ပီယံဆု ခြောက်ကြိမ်၊ ပြင်သစ်ရှုံးထွက်ဖလား ငါးကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူက ပါရီအခြေစိုက်ကလပ်အတွက် ပြိုင်ပွဲစုံ ဂိုး ၂၀၀ သွင်းယူပေးခဲ့ပါတယ်။

ကာဗာနီက နာပိုလီအသင်းအတွက် ကစားပေးရင်း ၂၀၁၁-၂၀၁၂ ကိုပါအီတာလီယာဖလားကို ဆွတ်ခူးနိုင်ခဲ့သလို မန်ချက်စတာယူနိုက်တက်အတွက်လည်း ပါဝင်ကစားပေးခဲ့ဖူးပါတယ်။ သူက လာလီဂါကလပ် ဗလန်စီယာနဲ့လမ်းခွဲလာပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း ဘိုကာဂျူနီယာဆီ ပြောင်းရွှေ့ခဲ့ပါတယ်။