ပြိုင်ဘက်အသင်းတွေဟာ ကူကူရယ်လာလို ခြေချော်မှာမဟုတ်ဘူးလို့ မာရက်စ်ကာ ဟာသလုပ်ပြောကြား
ချဲလ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ပြိုင်ဘက်အသင်းတွေဟာ မိမိတို့နောက်ခံလူ ကူကူရယ်လာလို ခြေချော်လဲကျမှာမဟုတ်ကြောင်း ဟာသလုပ်ပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးဟာ တော့တင်ဟမ်ကို ပထမဆုံး ၁၀ မိနစ်မှာတင် ၂ ဂိုးပေးခဲ့ရပြီး အဆိုပါ ၂ ဂိုးစလုံးမှာ နောက်ခံလူ ကူကူရယ်လာက ခြေချော်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးဟာ နောက်ကနေလိုက်ကစားနိုင်ခဲ့ပြီး လန်ဒန်ဒါဘီမှာ တော့တင်ဟမ်ကို ၄-၃ နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။
အာဆင်နယ် နဲ့ မန်စီးတီးတို့ ခြေချော်ချိန်မှာ ချဲလ်ဆီးက ခြေစွမ်းကောင်းတွေကို ဆက်ထိန်းကာ ရမှတ် ၃ မှတ်ပြည့်ရယူနိုင်ခဲ့ပြီး အဆင့် ၂ နေရာကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မာရက်စ်ကာက ချန်ပီယံဆုနဲ့ပတ်သက်ပြီးပြောကြားရာမှာ ကူကူရယ်လာရဲ့ရယ်စရာဖြစ်ရပ်နဲ့ ထောက်ပြခဲ့ပါတယ်။
“အာဆင်နယ် ၊ မန်စီးတီး နဲ့ လီဗာပူးတို့က ကူကူရယ်လာလို ခြေချော်မယ့်သူတွေမဟုတ်ပါဘူး။ ပြင်းပြင်းထန်ထန်ပြောရရင် ကျွန်တော်တို့ အဆင်သင့်မဖြစ်သေးပါဘူး။ ကျွန်တော်တို့ ဒီအသင်းတွေနဲ့ အဝေးကြီးမှာကျန်နေပါသေးတယ်။ တစ်နေ့ချင်းအာရုံစိုက်ပြီး အသင်းတိုးတက်အောင်ပဲလုပ်ရမှာပါ”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။
မာရက်စ်ကာရဲ့ချဲလ်ဆီးအသင်းဟာ ယူရိုပါကွန်းဖရန့်လိဂ်မှာလည်း စွမ်းဆောင်ရည်ကောင်းပြသနေပြီး လာမယ့်ကြာသပတေးနေ့မှာ အက်စ်တာနာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။