
နယူးကာဆယ်စတားအတွက် ဒုတိယအကြိမ်ကမ်းလှမ်းဦးမယ့် လီဗာပူး
လီဗာပူးအသင်းဟာ ကနဦးအဖြစ် နယူးကာဆယ်စတား အီဆက်ကို ပေါင်သန်း ၁၁၀ နဲ့ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီးနောက် ဒုတိယအကြိမ်ကမ်းလှမ်းဦးမယ်လို့ သိရပါတယ်။ အက်ကီတီကီကို ပေါင် ၇၉ သန်းနဲ့ခေါ်ယူထားခဲ့ပေမယ့်လည်း လီဗာပူးအသင်းဟာ အီဆက်ကို ထပ်မံခေါ်ယူချင်နေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ် ၂၃ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ အီဆက်ဟာ အပြောင်းအရွှေ့မပိတ်ခင်မှာ အသင်းကနေထွက်ခွာချင်တယ်လို့ ပြောကြားထားပြီးဖြစ်ပါတယ်။
အသက် ၂၅ နှစ်သားဟာ နယူးကာဆယ်အသင်းနဲ့ ၂၀၂၈ အထိ စာချုပ်သက်တမ်းရှိနေတာဖြစ်ပြီး မကြာသေးခင်တုန်းက ဆိုစီဒက်မှာ တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ နယူးကာဆယ်ဘက်က အီဆက်အတွက် ပေါင်သန်း ၁၅၀ တန်ကြေးသတ်မှတ်ထားပြီး ကစားသမားကလည်း လီဗာပူးထံ ပြောင်းရွှေ့ချင်နေတယ်လို့ ရိုမာနိုက ဆိုပါတယ်။
“လီဗာပူးက အပြောင်းအရွှေ့နောက်ဆုံးရက်သတ္တပတ်တွေမှာ အီဆက်ကို အာရုံစိုက်နေပါတယ်။ ကမ်းလှမ်းမှုအသစ်ထပ်လုပ်ဖို့ အဆင်သင့်ပါပဲ။ အီဆက်ဘက်ကတော့ ရှင်းပါတယ်။ သူ့အနေနဲ့ နယူးကာဆယ်မှာဆက်မနေချင်သလို အသင်းပြောင်းချင်နေပါတယ်”လို့ ရိုမာနိုက ဆိုပါတယ်။
လီဗာပူးဂန္ထဝင်ဟောင်း ကာရေဂါကတော့ အသင်းဟောင်းအနေနဲ့ အီဆက်ကို ထပ်မံမခေါ်ယူသင့်ဘူးလို့ ထောက်ပြနေပါတယ်။ “သူ(အီဆက်)ကို ခေါ်ယူနိုင်မယ်ဆိုရင် တကယ်ကောင်းတဲ့ခေါ်ယူမှုဖြစ်လာမှာပါ။ ဒါပေမယ့် ပရိသတ်တွေအမြင် ကျွန်တော့်အမြင်အရ လီဗာပူးအနေနဲ့ အီဆက်အတွက် ပေါင်သန်း ၁၅၀ လောက်မသုံးသင့်ဘူးလို့ ထင်ပါတယ်။လီဗာပူးအနေနဲ့ လက်ရှိမှာ တိုက်စစ်အတွက် အက်ကီတီကီကိုခေါ်ယူထားနိုင်ခဲ့ပြီးပါပြီ။ သူက အရန်ကစားသမားအတွက်လား။ အီဆက်ကိုထပ်မခေါ်သင့်တော့ပါဘူး”လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။ လီဗာပူးစတားစတားဟောင်း ရစ်ဆီကလည်း အီဆက်ကိုလီဗာပူးမှာ မြင်ချင်ပေမယ့် ဈေးမြင့်လွန်းတယ်လို့ ပြောကြားလိုက်ပါတယ်။