ဘရန့်ဖို့ဒ်ကိုရှုံးနိမ့်ပြီးနောက် စိုးရိမ်စရာထုတ်ဖော်ဝန်ခံချက်တစ်ခုကို ပြုလုပ်သွားတဲ့ အန်းစလော့
ဘရန့်ဖို့ဒ်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး အန်းစလော့က လီဗာပူးအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို လတ်တလောကာလအတွင်း အဆိုးဝါးဆုံးစွမ်းဆောင်ရည်အဖြစ် တံဆိပ်ကပ်သတ်မှတ်ခဲ့ပါတယ်။
Gtech Community ကွင်းမှာကစားခဲ့တဲ့ပွဲစဉ်အတွင်း လီဗာပူးအတွက် ရင်းနှီးနေပြီဖြစ်တဲ့ ပြဿနာတွေ ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ သူတို့တွေက ပြိုင်ဘက်ကို ၃-၂ ဂိုးဖြင့် အရေးနိမ့်ကာ ပရီးမီးယားလိဂ်နောက်ဆုံးလေးပွဲဆက်ရှုံးနိမ့်မှုမှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။
အန်းစလော့ကတော့ သူ့အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို ခွဲခြမ်းစိတ်ဖြာရင်း စိတ်ပျက်အားငယ်နေပုံ ရပါတယ်။
TNT Sports နဲ့တွေ့ဆုံချိန် အန်းစလော့က “ကျွန်တော့်အမြင်အရ ဒီနေ့ပွဲစဉ်စွမ်းဆောင်ရည်ပိုင်းက နောက်ဆုံးလေးပွဲဆက်ရှုံးနိမ့်မှုကာလအတွင်း အဆိုးဝါးဆုံးစွမ်းဆောင်ရည် ဖြစ်ပါတယ်။ Set-piece မှတဆင့် ဦးဆောင်ဂိုးပေးလိုက်ရသလို အပိုင်အခွင့်အရေးကို သွင်းဂိုးအဖြစ်မပြောင်းလဲနိုင်မှုက ဘောလုံးပွဲစဉ်တစ်ခုကို အနိုင်ရရှိဖို့အတွက် ခက်ခဲစေပါတယ်”လို့ ဆိုပါတယ်။
ဆက်လက်ပြီး သူက လီဗာပူးအသင်းဟာ ပထမပိုင်းပွဲချိန်ရဲ့မိနစ်အချို့မှာ ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပေမဲ့ ဘရန့်ဖို့ဒ်အတွက် ထိုက်တန်တဲ့နိုင်ပွဲတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အန်းစလော့က “ ပထမပိုင်းပွဲချိန်ရဲ့မိနစ် ၂၀၊ ၂၅ မိနစ်၊ မိနစ် ၃၀ ဝန်းကျင်လောက်မှလွဲရင်ပေါ့။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့တွေ ဦးဆောင်ဂိုးပေးထားရပြီးပါပြီ။ ဒါပေမဲ့ အဲ့ဒီမိနစ် ၃၀ လောက်အတွင်းမှာပဲ ဖြစ်နိုင်ချေရှိတဲ့ ရလဒ်တစ်ခုအကြောင်း ကျွန်တော် တွေးနေမိခဲ့ပါတယ်။
ကျန်ပွဲချိန်တွေရယ်၊ ရလဒ်ရယ်၊ ကျွန်တော်တို့ကစားပုံနဲ့ ဘရန့်ဖို့ဒ်ကစားပုံတို့ကို ပြန်ကြည့်မယ်ဆိုရင် ဒီရလဒ်အတွက် သူတို့တွေ ဘယ်လောက်အထိ ခက်ခက်ခဲခဲကြိုးစားခဲ့သလဲဆိုတာကို မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက်တော့ ကောင်းမွန်တဲ့ရလဒ်ဖြစ်ပေါ်နိုင်တဲ့ပွဲစဉ်တစ်ခုလို့ မထင်ပါဘူး။
ကျွန်တော်တို့က အခြေခံအကျဆုံးလုပ်ငန်းစဉ်တွေကိုတောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ အထူးသဖြင့် ပထမပိုင်းပွဲချိန်တွေနဲ့ ဒုတိယပိုင်းပွဲချိန်အချို့အစိတ်အပိုင်းတွေမှာပါ။ ဘရန့်ဖို့ဒ်က ကျွန်တော်တို့ကို တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲတွေမှာ အနိုင်ယူခဲ့သလို Second Ball တွေမှာလည်း ကျွန်တော်တို့ကို အသာစီးရယူနိုင်ခဲ့ပါတယ်။
Set-piece ဆိုတာ ဘရန့်ဖို့ဒ်ရဲ့အားအကောင်းဆုံးလက်နက်တစ်ခုဖြစ်လို့ သူတို့ရဲ့ဦးဆောင်ဂိုးက အံ့အားသင့်စရာ မကောင်းပါဘူး။ ဒါ့အပြင် တန်ပြန်တိုက်စစ်လည်း ကောင်းမွန်လွန်းပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့တွေ နှစ်ဂိုးပေးလိုက်ရပါတယ်”လို့ ပြောပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ မိုဆာလက်က လီဗာပူးအတွက် ဒုတိယမြောက်ချေပဂိုးသွင်းယူပေးခဲ့ပေမဲ့ အန်းစလော့ကတော့ ရှုံးပွဲဆက်နေမှုကို ရပ်တန့်ဖို့ဆိုရင် အသင်းတိုက်စစ်အရည်အသွေးနဲ့ကိုက်ညီမယ့် ခံစစ်မှူးတွေ မဖြစ်မနေလိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးနည်းပြက “ မိုဆာလက်သာ ဂိုးသွင်းယူနိုင်မယ်ဆိုရင် အသင်းအတွက် အကျိုးရှိနိုင်ပါလိမ့်မယ်။ ဘောလုံးဆိုတာ ဂိုးသွင်းယူရတဲ့ အားကစားနည်းပါပဲ၊ ဒါပေမဲ့ ဂိုးမပေးရအောင်လည်း ဂရုစိုက်သွားရပါမယ်။ အခုတော့ ပွဲစဉ်အများစုမှာ ကျွန်တော်တို့တွေ တစ်ဂိုး၊ နှစ်ဂိုး၊ သုံးဂိုးအထိ ပေးနေရပါတယ်။ ပွဲအစငါးမိနစ်မှာတင် ပေးဂိုးတွေ ခွင့်ပြုပေးနေရပါတယ်။
ဟုတ်ပါတယ်၊ ဂိုးတွေသွင်းယူနိုင်တဲ့ကစားသမားတွေ ရှိလာရင် အသင်းအတွက် အထောက်အကူဖြစ်စေပါလိမ့်မယ်။ ဒါပေမဲ့ အသင်းအတွက် ဂိုးမပေးထားရဘူးဆိုမှသာ ဂိုးတွေသွင်းယူထားမှုက အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Clean Sheet ဆိုတာ အသင်းတစ်ခုအဖြစ် ကျွန်တော်တို့တွေ မဖြစ်မနေထိန်းသိမ်းသွားရမယ့် အရာတစ်ခုဖြစ်နေလို့ပါပဲ”လို့ ပြောပါတယ်။