စထရာဘော့နဲ့ အပြောင်းအရွှေ့ကိစ္စဆွေးနွေးနေတဲ့ အမေ့လျော့ခံချဲလ်ဆီးလူငယ်တိုက်စစ်မှူး ဝါရှင်တန်
အသင်းမှာနေရာပျောက်နေတဲ့ ချဲလ်ဆီးလူငယ်တိုက်စစ်မှူးဒေးဗစ်ဝါရှင်တန်က ညီအစ်မကလပ်အသင်းဖြစ်တဲ့ စထရာဘော့ဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူးက ၂၀၂၃ ခုနှစ်အတွင်း ဘရာဇီးကလပ်ဆန်းတို့စ်မှ ချဲလ်ဆီးဆီ ပေါင် ၁၇ သန်းဖြင့် ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ သူက စီနီယာအသင်းအတွက် သုံးပွဲသာ ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။
BBC Sport ရဲ့ အဆိုအရ ဝါရှင်တန်က အပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းမီ BlueCo ရဲ့ ညီအစ်မကလပ်အသင်းဖြစ်တဲ့ စထရာဘော့ဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
ဒီလူငယ်ကစားသမားက စီနီယာအဆင့် ပုံမှန်ကစားခွင့် ပိုမိုရရှိဖို့နဲ့ ကစားသမားဘ၀ လမ်းကြောင်းမှန်ဆီ ပြန်လည်ရောက်ရှိဖို့အတွက် အသင်းပြောင်းဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။
ပေါ်တူဂီနဲ့ ဥရောပကလပ်အသင်းအချို့လည်း ဝါရှင်တန်ရဲ့အနာဂတ်အပေါ် စိတ်ဝင်စားနေကြတယ်လို့ သတင်းထွက်ပေါ်နေပေမဲ့ လက်ရှိအချိန်အထိတော့ တရားဝင်ကမ်းလှမ်းလာတာမျိုး မရှိသေးပါဘူး။ ချဲလ်ဆီးအသင်းဘက်ကတော့ သူ့ကို အပြီးသတ်ရောင်းချသွားနိုင်ဖို့ မျှော်လင့်နေပါတယ်။