The network connection is lost.

Banner Image

ယူနိုက်တက်မှာရှိနေခဲ့ချိန် မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိတောင် စဉ်းစားခဲ့ဖူးတယ်လို့ ဝိန်းရွန်းနီ ဝန်ခံ

မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးခဲ့ချိန် စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ခဲ့ရမှုတွေကို ထုတ်ဖော်ရင်း သူ့ရဲ့စိတ်ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ ဝိန်းရွန်းနီက အခုသီတင်းပတ်အတွင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။

ရွန်းနီက မန်ချက်စတာယူနိုက်တက်သမိုင်းတလျှောက် အအောင်မြင်ဆုံးကစားသမားတွေအနက် တစ်ဦးဖြစ်ပြီး ဆုဖလားအများအပြားဆွတ်ခူးပြီးနောက် ၂၀၁၇ခုနှစ်၊ အသင်းမှထွက်ခွာမှုမတိုင်ခင် ကလပ်အသင်းသမိုင်းတလျှောက် သွင်းဂိုးအများဆုံးစံချိန်ရှင်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်၊ ယူရိုပါလိဂ်ဖလား ၁ ကြိမ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ၁ ကြိမ်တို့ကို ဆွတ်ခူးနိုင်မှုကြောင့် ရူနီကို အင်္ဂလန်ရဲ့နာမည်အကြီးဆုံးဘောလုံးသမားတွေအနက် တစ်ဦး ဖြစ်စေခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ၁၃ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ အသက် ၄၁ နှစ်အရွယ်ကြယ်ပွင့်ဟောင်းက နောက်ပိုင်းမှာ ကစာသမားဘ၀ အနားယူခဲ့ပြီး ဘောလုံးသုံးသပ်သူ၊ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသလို လာမယ့်သီတင်းပတ်အတွင်း ပြသတော့မယ့် "I'm a Celebrity... Get Me Out of Here!" ဆိုတဲ့ ရုပ်သံအစီအစဉ်မှာ ပါဝင်လုပ်ကိုင်နေပါတယ်။

ဆုတံဆိပ်တွေ၊ ဆုဖလားတွေနဲ့ အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေခဲ့လို့ သရဲနီတို့နဲ့အတူ ရွန်းနီ အမြဲတမ်းပျော်ရွှင်ကြည်နူးနေခဲ့လိမ့်မယ်လို့ အများစု ထင်မှတ်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ ဂတ်ဘီလိုဂန်ရဲ့ "Life At The Midpoint" Podcast အစီအစဉ်မှာတော့ ရွန်းနီက သူ့ကိုယ်သူ အဆုံးစီရင်ဖို့အထိတောင် တွေးခဲ့ဖူးတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ရွန်းနီက "အတိတ်ကို ပြန်ကြည့်ရင် ကျွန်တော် ကိုယ်ကျိုးကြည့်ခဲ့တယ်လို့ ပြောနိုင်ပေမဲ့ ကျွန်တော့်အတွက် ရင်ဆိုင်ဖြေရှင်းဖို့ တကယ်ကို ခက်ခဲနေတဲ့ အရာတစ်ခုခုကို ဖြတ်သန်းနေရတယ်ဆိုတာတော့ သိထားခဲ့ပါတယ်။ အဲဒီလိုပုံစံမျိုးနဲ့ ကျွန်တော့်ကို သားဖြစ်သူ ကိုင်းရွန်းနီ မြင်သွားမယ်အရေးကို မလိုလားလို့ လူမမြင်အောင် ပုန်းကွယ်နေခဲ့ပါတယ်" လို့ ပြောပါတယ်။

"ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ စဉ်းစားရတဲ့အဆင့်အထိ ကျွန်တော် ရောက်ခဲ့ပါတယ်။ ဘယ်သူနဲ့မှ အတူမရှိချင်တော့ဘူး။ လမ်းပေါ်မှာ လူတွေကို မတွေ့ချင်တော့ဘူး။ ဈေးဆိုင်တွေဆီ မသွားချင်တော့ဘူး။ ဘောလုံးကွင်းထဲမှာတော့ အမြဲ သက်သောင့်သက်သာ ရှိခဲ့ပေမဲ့ ကျန်တဲ့အရာအားလုံးမှာတော့ တကယ်ကို ရုန်းကန်ခဲ့ရပါတယ်"

"ကိုယ့်ရဲ့အားနည်းချက်ကို ဘယ်သူ့ကိုမှ မပြချင်လို့ ဖုံးကွယ်ထားဖို့ ကြိုးစားခဲ့ပါတယ်။ ကိုယ် ဘယ်လိုအခြေအနေထဲ ရောက်နေလဲဆိုတာကို သိထားပေမဲ့ အဲဒီအခြေအနေမှာ ရောက်နေပါတယ်လို့ ဝန်ခံဖို့ကျတော့ တကယ် ခက်ခဲခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလို လုပ်လိုက်ရင် ကိုယ့်ကိုယ်ကိုယ် ယောကျ်ားမပီသတော့သလို ခံစားရလို့ပါ"

"ကျွန်တော့်မှာ ဘာတွေဖြစ်နေလဲဆိုတာကို နားလည်နိုင်ဖို့ စိတ်ကုထုံးပညာရှင်နဲ့ပါ ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတိတ်ကို ပြန်ကြည့်တဲ့အခါ ကျွန်တော်က ကစားသမားဘဝရဲ့အထွဋ်အထိပ်တီ ရောက်နေတယ်၊ သားလေးတစ်ဦး မွေးခါစဖြစ်သလို အိမ်ထောင်ကျခါစလည်း ဖြစ်နေခဲ့ပါတယ်။ ဒါက ကျွန်တော့်ဘဝရဲ့ အပျော်ရွှင်ဆုံးအချိန် ဖြစ်သင့်ပေမဲ့ တကယ်တမ်းတော့ မဟုတ်ခဲ့ပါဘူး။ ကျွန်တော် လုပ်ခဲ့တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်တွေကြောင့် ဒါက ကျွန်တော့်ဘဝရဲ့အနိမ့်ကျဆုံးအချိန် ဖြစ်နိုင်ပါတယ်" လို့ ဆိုပါတယ်။

သူ့ရဲ့စိတ်ကျန်းမာရေးကို ဖြေဖျောက်ဖို့အတွက် အိမ်မှာ တစ်ဦးတည်း နှစ်ရက်ဆက်တိုက်လောက် အရက်သောက်လေ့ရှိပြီး အရက်ပြဿနာတွေနဲ့လည်း ကြုံတွေ့ခဲ့ရတယ်လို့ သူက ဝန်ခံခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒီလိုခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနိုင်အောင် ကူညီပေးခဲ့တဲ့ သူ့ဇနီးရဲ့ပံ့ပိုးပေးမှုတွေကို ရွန်းနီက ထုတ်ဖော်ပြောပြခဲ့ပါတယ်။

သူက "ကောလင်းက ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့ပါတယ်။ အခြေအနေတွေ အရမ်းဆိုးရွားခဲ့လို့ သူမသာ ထွက်သွားချင်ရင် ထွက်သွားလို့ရပါတယ်။ ဒါပေမဲ့ သူမက ကျွန်တော့်ဘက်မှာ မားမားမတ်မတ် ရပ်တည်ပေးခဲ့ပြီး ဒီအခြေအနေကို ကျော်ဖြတ်နိုင်အောင် ကူညီပေးခဲ့ပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။