ပေါ်လိုဖွန်ဆီကာရဲ့နေရာမှာ ကားလို့စ်ဗီဆန်စ်ကို ၂၀၂၈ ခုနှစ်အထိ အစားထိုးခန့်အပ်လိုက်တဲ့ လိုင်ယွန်
ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲဝင် လိုင်ယွန်အသင်းက ပေါ်လိုဖွန်ဆီကာရဲ့နေရာမှာ အစားထိုးဖို့အတွက် စပိန်လူမျိုးကားလို့စ်ဗီဆန်စ်ကို ၂၀၂၈ ခုနှစ်၊ ဇွန်လအထိ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
လိုင်ယွန်အသင်းရဲ့ထုတ်ပြန်ချက်မှာ "ပွဲစဉ်ချဉ်းကပ်ပုံ၊ တောင်းဆိုမှုတွေနဲ့ ကစားသမား ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက်ပေးဖို့ဆိုတာ ကလပ်အသင်း ချမှတ်ထားတဲ့ ဦးတည်ချက်တွေနဲ့ အပြည့်အ၀ကိုက်ညီနေလို့ စီမံခန့်ခွဲရေးအဖွဲ့က ကားလို့စ်ဗီဆန်စ်ကို ရွေးချယ်ခဲ့ပါတယ်" လို့ ဖော်ပြထားပါတယ်။
အသက် ၄၃ နှစ်အရွယ် ဗီဆန်စ်က ဘရာဂါမှာ ၁၅ လကြာ တာဝန်ယူပြီးနောက် ပြီးခဲ့တဲ့လအတွင်း ရာထူးမှထွက်ခွာလာခဲ့ပါတယ်။ သူက ပေါ်တူဂီကလပ်အသင်းကို ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်အောင် ဦးဆောင်ပေးခဲ့ပါတယ်။
သူက ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ မန်စီးတီးမှာ ပက်ဂွါဒီယိုလာရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။
စပို့တင်းလစ္စဘွန်းအသင်းနည်းပြတာဝန်အတွက် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လိုင်ယွန်မှထွက်ခွာသွားတဲ့ ဖွန်ဆီကာရဲ့နေရာကို ဗီဆန်စ် အစားထိုးတာဝန်ယူသွားပါတော့မယ်။
လက်ရှိမှာ လိုင်ယွန်က လီဂူးဝမ်းအမှတ်ပေးဇယားရဲ့ပဉ္စမနေရာနဲ့ ယူရိုပါလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာတွေမှာ ရပ်တည်နေပါတယ်။