The network connection is lost.

Banner Image

ပရီးမီးယားလိဂ်အတွက် စိုးရိမ်သင့်တဲ့အချက်တစ်ခုကို ထုတ်ဖော်ပြောဆိုလာတဲ့ လီဗာပူးဂန္တဝင်

ဒန်နီမာဖီက အာဆင်နယ်ရဲ့အကောင်းဆုံးခြေစွမ်း မရရှိသေးချိန်မှာတောင် အမှတ်ပေးဇယားဦးဆောင်မှုကို ထပ်မံတိုးချဲ့နိုင်ခဲ့လို့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေ စိုးရိမ်သင့်နေပြီလို့ ပြောကြားလိုက်ပါတယ်။

အာဆင်နယ်က အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ရာသီအဖွင့် ၁၀ ပွဲကစားပြီးချိန် အထင်ကြီးလောက်စရာကောင်းအောင် ၂၇ မှတ်အထိ စုဆောင်းထားနိုင်ပါတယ်။ ဂန်းနားတွေက စနေနေ့မှာ ဟားလ်စီးတီးကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှာ ခြောက်မှတ်ဖြတ် ဦးဆောင်နေပါတယ်။

တဖက်မှာလည်း ပရီးမီးယားလိဂ်နောက်ဆုံးသုံးပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးအတွက် ချန်ပီယံဆုပြေးလမ်းကြောင်းက အန္တရာယ်များပြားလာပါတယ်။ ဒါကြောင့် ချန်ပီယံဆုပြေးလမ်းမှာ အာဆင်နယ်ကို စိန်ခေါ်နိုင်မယ့် တစ်ခုတည်းသောကလပ်အသင်းအဖြစ် မကြုံစဖူး ဘရိုက်တန်သာ ကျန်ရှိနေပါတော့တယ်။

ဒါက လက်ရှိချန်ပီယံအာဆင်နယ်အတွက် ပိုလို့တောင် ကျေနပ်စရာကောင်းနေတဲ့ အချက် ဖြစ်ပါတယ်။  ဒန်နီမာဖီကလည်း အကောင်းဆုံးပုံစံမရရှိသေးချိန်မှာတောင် အာဆင်နယ်သာ ထိပ်ဆုံးနေရာမှာ အသာစီးရရှိနေပုံကို ရှင်းပြခဲ့ပါတယ်။

မာဖီက "ကျန်တဲ့ကလပ်အသင်းတွေအတွက် စိုးရိမ်စရာကောင်းတဲ့အချက်ကတော့ ဒီလောက် နိုင်ပွဲတွေ၊ ဒီလောက်ရမှတ်တွေ အများကြီးရထားပေမဲ့ တကယ်တမ်းမှာ အာဆင်နယ်က သိပ်ပြီးတော့ ကောင်းကောင်းမကစားရသေးဘူးဆိုတာပါပဲ။ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ သူတို့ ထူးထူးခြားခြားကောင်းမွန်ခဲ့မှုမှလွဲရင် ကျန်ပွဲစဉ်တွေမှာတော့ အနိုင်ရလဒ်အတွက် အင်တိုက်အားတိုက် ရုန်းကန်ခဲ့ရပါတယ်"

"ကိန်းဂဏန်းအချက်အလက်တွေအရ ၁၀ ပွဲကစားပြီးချိန် ၂၇ မှတ် ရထားတဲ့ အသင်းက ပုံမှန်အားဖြင့် ချန်ပီယံ ဖြစ်လေ့ရှိပါတယ်။ ဒီအသင်းဆီမှ အခုထက်ပိုကောင်းတဲ့ ခြေစွမ်းတွေ မြင်တွေ့ရဦးမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး" လို့ ပြောပါတယ်။

နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်အပြီး ဂန်းနားတွေက စိန့်ဂျိမ်းစ်ပတ်ခ်မှာ နယူးကာဆယ်နဲ့ သွားရောက်ရင်ဆိုင်ရဖို့ ရှိနေပြီး အဲ့ဒီပွဲစဉ်မှာလည်း အနိုင်သုံးမှတ်အပြည့်ရရှိဖို့ ရေပန်းစားနေပြန်ပါတယ်။ အာဆင်နယ် အမှတ်လျော့ကျသွားဖို့ မန်စီးတီးနဲ့ ဘရိုက်တန် မျှော်လင့်နေနိုင်ပေမဲ့ အာတီတာရဲ့အသင်း ခြေစွမ်းညံ့ဖျင်းနေချိန်မှာတောင် သူတို့ကို တားဆီးဖို့ဆိုတာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေအတွက် အခက်အခဲဖြစ်နေပါသေးတယ်။