The network connection is lost.

Banner Image

ဆိုဘိုဆလိုင်းရဲ့ဒဏ်ရာအခြေအနေကို နောက်ဆုံးအချိန်အထိ စောင့်ကြည့်ဆုံးဖြတ်သွားမယ်လို့ ဟန်ဂေရီ အတည်ပြု

ဒဏ်ရာပြဿနာစိုးရိမ်မှုတွေ ဆက်ရှိနေပေမဲ့ လီဗာပူးကြယ်ပွင့် ဆိုဘိုဆလိုင်းက နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်မှာ ဟန်ဂေရီလက်ရွေးစင်အသင်းအတွက် ဆက်ရှိနေပေးဖို့ အဆင်သင့်ဖြစ်နေပုံ ရပါတယ်။

အသက် ၂၆ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့နိုင်ငံတကာသီတင်းပတ်အပြီး သုံးပတ်ကြာ အနားယူခဲ့ရသလို လွန်ခဲ့တဲ့သီတင်းပတ်၊ ခရစ္စတယ်ပဲလေ့စ်ကို ၁-၃ ဂိုးဖြင့် အနိုင်ရရှိတဲ့ လီဗာပူးရဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ဒဏ်ရာပြဿနာကြုံတွေ့ကာ ကွင်းပြင်ဆီ ထွက်ခွာလာရပါတယ်။

ပေါင်ကြွက်သားဒဏ်ရာ ပြန်လည်သက်သာလာပြီးနောက် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ပွဲထွက်ကစားမှုမှာလည်း ဆိုဘိုဆလိုင်းက ဒူးဒဏ်ရာပြဿနာကြုံတွေ့ရပြီး ပွဲချိန် ၆၉ မိနစ်မှာ လူစားလဲထွက်ခွာလာရပါတယ်။ ဒါကြောင့် လီဗာပူးနည်းပြအီရာအိုလာက နိုင်ငံ့လက်ရွေးစင်တာဝန်ထမ်းဆောင်ဖို့အတွက် ကွင်းလယ်ကစားသမားမှာ ကြံ့ခိုင်မှုအပြည့်အ၀ ရှိ၊မရှိ ဆိုတဲ့ကိစ္စအပေါ် သံသယဝင်နေခဲ့ပါတယ်။

အီရာအိုလာက "အခုအချိန် ကျွန်တော်တို့ လုံးဝမလိုလားဆုံးအရာက နိုင်ငံတကာပွဲစဉ်တွေမှာ ကစားသမားတွေ ဒဏ်ရာရသွားမယ့်ကိစ္စပါပဲ"

"ပြီးခဲ့တဲ့နိုင်ငံတကာသီတင်းပတ်မှာလည်း အီဆက်၊ ဂတ်ပိုနဲ့ ဆိုဘိုဆလိုင်းဆိုတဲ့ အလွန်အရေးပါတဲ့ကစားသမားသုံးဦးကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ရပါတယ်။ ဒါကြောင့် ကျွန်တော် ဆုတောင်းနေပါပြီ။ ဒါက ကျွန်တော်တို့ လုံး၀မဖြစ်လာစေချင်တဲ့ အရာပါပဲ" လို့ ပြောပါတယ်။

ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်ကတော့ သူတို့ရဲ့အသင်းခေါင်းဆောင်ကိုယ်တိုင် ဒဏ်ရာနဲ့ပတ်သက်ပြီး ဆေးအဖွဲ့နဲ့အတူ ဆေးစစ်မှုအများအပြား ပြုလုပ်ခဲ့ပြီးပြီလို့ အတည်ပြုခဲ့သလို ဂျော်ဂျီယာ၊ မြောက်အိုင်ယာလန်တို့နဲ့ ရင်ဆိုင်ရမယ့် နေးရှင်းလိဂ်ပွဲစဉ်နှစ်ခုအတွက် ဆိုဘိုဆလိုင်း ပါဝင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

"ဆိုဘိုဆလိုင်းလည်း လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာစစ်ဆေးမှုတွေကို ခံယူခဲ့ပြီးပါပြီ။ ဒူးအဆစ်လွဲ ဒဏ်ရာရရှိခဲ့ပြီးနောက် အသင်းခေါင်းဆောင်ကို နည်းပြအဖွဲ့အတွက် တတ်နိုင်သမျှ အမြန်ဆုံး အသုံးပြုနိုင်စေဖို့ လာမယ့်ရက်တွေအတွင်း လက်ရွေးစင်အသင်းရဲ့ဆေးဘက်ဆိုင်ရာအဖွဲ့က အစွမ်းကုန် ကြိုးပမ်းသွားပါလိမ့်မယ်"

"ဒါပေမဲ့ ပွဲစဉ်တွေမှာ သူ ပါဝင်ကစားနိုင်မလားဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ နောက်ဆုံးအချိန်ကျမှပဲ သေချာပေါက် ဆုံးဖြတ်သွားပါမယ်" လို့ ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။