The network connection is lost.

Banner Image

ဂရင်းဝုဒ်အနေနဲ့ မာဆေးလ်မှ လွယ်လွယ်ကူကူထွက်ခွာသွားနိုင်ကြောင်း ပြောကြားလာတဲ့ ဒီဇာဘီ

မာဆေးလ်နည်းပြ ရော်ဘတ်ဒိုဒီဇာဘီက အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်အနေနဲ့ အသင်းမှထွက်ခွာလိုပါက လွယ်လွယ်ကူကူပဲထွက်ခွာသွားနိုင်ကြောင်း ပြောကြားလာခဲ့ပေမယ့် ကစားသမားအနေနဲ့ မာဆေးလ်နဲ့တူတဲ့အသင်းမျိုး ထပ်ရှာတွေ့ဖို့တော့ မလွယ်ကူဘူးလို့ သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ဂရင်းဝုဒ်ဟာ မာဆေးလ်အတွက် ပထမဆုံးပွဲဦးထွက်ရာသီကို ကစားခဲ့ပေမယ့် စုစုပေါင်း ၂၁ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ပြင်သစ်လီဂူးရဲ့ အကောင်းဆုံးကစားသမားဆုကိုသာမက ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကိုပါ ပီအက်စ်ဂျီကြယ်ပွင့် အူစမန်ဒမ်ဘီလီနဲ့ ပူးတွဲဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ယခုနွေရာသီမှာတော့ ဂရင်းဝုဒ်ကို စပိန်ကလပ်တွေနဲ့ ဆော်ဒီပရိုလိဂ်ကလပ်တွေက စိတ်ဝင်စားနေတာကြောင့် ကစားသမားအနေနဲ့ ပြင်သစ်မြေကို စွန့်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ ၂၀၂၃-၂၄ ရာသီက စပိန်လာလီဂါကလပ် ဂီတာဖေးအတွက်ကစားပေးခဲ့တာကြောင့် စပိန်သို့ပြန်သွားနိုင်တယ်လို့လည်း ကောလာဟလတွေ ထွက်ပေါ်ထားတာဖြစ်ပါတယ်။

ယခုအခါမှာတော့ မာဆေးလ်နည်းပြ ဒီဇာဘီက "ကျွန်တော်ကတော့ အသင်းရဲ့ကစားသမားတွေ ထွက်ခွာသွားမယ်လို့မထင်ပါဘူး။ ဘယ်လာဒီ၊ ရူလီ၊ ဟိုဂျက်နဲ့ ဂရင်းဝုဒ်တို့က အသင်းအတွက်အရမ်းအရေးပါသလို၊ အသင်းကလည်း သူတို့အတွက် အရေးပါပါတယ်။ သူတို့အနေနဲ့ မာဆေးလ်ကနေထွက်ခွာဖို့က လွယ်ကူပေမယ့် ဒီလိုအသင်းမျိုးထပ်တွေ့ရဖို့တော့မလွယ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။

မာဆေးလ်အနေနဲ့ မန်ချက်စတာယူနိုက်တက်အကယ်ဒမီထွက်ဂရင်းဝုဒ်ကို ရောင်းချမယ်ဆိုပါက ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေးနဲ့ ၅၀ ရာခိုင်နှုန်းကို ပေးချေသွားရမယ်လို့သိရပါတယ်။ လက်ရှိအချိန်အထိတော့ ဂရင်းဝုဒ်အနေနဲ့ မာဆေးလ်နဲ့လမ်းခွဲဖို့ အလားအလာမရှိသေးပေမယ့် အပြောင်းအရွှေ့ကာလနောက်ဆုံးနေ့ရက်တွေမှာတော့ ရုတ်တရက်ထွက်ခွာသွားနိုင်မလား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ လာမယ့် စနေနေ့မှာတော့ မာဆေးလ်ဟာ ၂၀၂၅-၂၆ ပြင်သစ်လီဂူး ရာသီအဖွင့်ပွဲစဉ်အဖြစ် ရန်းနက်စ်ကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရပါမယ်။