မာဆေးလ်ဂိုးသမားရူလီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ မန်စီးတီး
မန်စီးတီးအသင်းက အာဂျင်တီးနားဂိုးသမားရူလီကို ခေါ်ယူဖို့အတွက် မာဆေးလ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ်ဂိုးသမားက လိဒ်ယူနိုက်တက်ဆီ ပြောင်းရွှေ့သွားတဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်ရဲ့ နေရာမှာ အစားထိုးဖို့နဲ့ ဒွန်နာရမ်မာရဲ့ အရန်ဂိုးသမားအဖြစ် တာဝန်ယူဖို့အတွက် မန်စီးတီးအသင်းရဲ့ရွေးချယ်မှု ဖြစ်လာပါတယ်။
Foot Mercato ရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းက ရူလီအတွက် ယူရိုနှစ်သန်းဖြင့် ကနဦးကမ်းလှမ်းခဲ့ပေမဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်အတွင်း ရောက်ရှိနေတဲ့ ဂိုးသမားအတွက် အနည်းဆုံး ယူရို ၃ ဒဿမ ၅ သန်းအထိ ပေးချေဖို့ မာဆေးလ်ဘက်မှ တောင်းဆိုခဲ့ပါတယ်။ နောက်ထပ်ဆွေးနွေးပြီးချိန်မှာတော့ မန်စီးတီးက ပြောင်းရွှေ့ကြေးထပ်မံတိုးမြှင့်ပေးခဲ့လို့ အပြောင်းအရွှေ့ကို မာဆေးလ်က လက်ခံလိုက်ပါတယ်။
ရူလီကလည်း ဒီအပြောင်းအရွှေ့ကို သဘောတူထားသလို ပရီးမီးယားလိဂ်မှာ ကစားရမယ့် အခွင့်အရေးကိုလည်း စိတ်ဝင်စားနေပါတယ်။ အပြောင်းအရွှေ့တရားဝင်အပြီးသတ်နိုင်ဖို့အတွက် ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ အသေးစိတ်အချက်အလက်အနည်းငယ်ကို ထပ်မံညှိနှိုင်းသွားရပါလိမ့်မယ်။ ထပ်ပြီး ညှိနှိုင်းရဦးမှာ ဖြစ်ပါတယ်။
ဒီအာဂျင်တီးနားသားက ၂၀၂၄ ခုနှစ်၊ မာဆေးလ်ဆီ ရောက်ရှိလာပြီးနောက်ပိုင်း အသင်းအတွက် ၇၃ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။ သူသာ ထွက်ခွာသွားမယ်ဆိုရင် မာဆေးလ်အတွက် အခုနွေရာသီမှာ နောက်ထပ်အပြောင်းအလဲကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်။