မာဆေးလ်တိုက်စစ်မှူးဂရင်းဝုဒ်ကို အပြီးသတ်ခေါ်ယူလိုက်ပြီလို့ ဖီနာဘာချီအသင်း ကြေညာ
တူရကီကလပ်ဖီနာဘာချီအသင်းက မာဆေးလ်အသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူးဂရင်းဝုဒ်ကို ပြောင်းရွှေ့ကြေးယူရို ၃၉ သန်း (ပေါင် ၃၃ ဒဿမ ၃ သန်း)ဖြင့် လေးနှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီလို့ အတည်ပြုကြေညာလိုက်ပါတယ်။ အပိုထပ်ဆောင်းဆုကြေးတွေသာ ပါဝင်လာမယ်ဆိုရင် ဒီအပြောင်းအရွှေ့တန်ဖိုးက စုစုပေါင်း ယူရို ၄၅ သန်းအထိ ရှိလာနိုင်တယ်လို့လည်း သတင်းတွေအရ သိရပါတယ်။
အသက် ၂၄ နှစ်အရွယ်ကစားသမားက ယမန်နှစ်ဘောလုံးရာသီ၊ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ ၁၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ရွှေဖိနပ်ဆုအတွက် ဒုတိယနေရာမှာ ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ မန်ချက်စတာယူနိုက်တက်မှ မာဆေးလ်ဆီ ရောက်ရှိလာတဲ့ ဂရင်းဝုဒ်က ပြင်သစ်ကလပ်အသင်းအတွက် ပြိုင်ပွဲစုံ ၈၁ ပွဲကစား၊ ၄၈ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ အခုအပြောင်းအရွှေ့သဘောတူညီချက်ထဲမှာ ပြန်လည်ရောင်းချမှုမှတဆင့် အကျိုးအမြတ်ခွဲဝေယူမယ့်အချက်(sell-on clause) ပါဝင်နေလို့ အသင်းဟောင်းယူနိုက်တက်လည်း အကျိုးအမြတ်ခံစားရဖို့ ရှိနေပါတယ်။
အပြောင်းအရွှေ့အပြီးမှာတော့ ဂရင်းဝုဒ်က ဖီနာဘာချီပရိသတ်တွေရဲ့ ကြိုဆိုမှုကို ကျေးဇူးတင်စကားဆိုခဲ့သလို နည်းပြသစ်နဲ့အတူ ပြည်တွင်းရော၊ ဥရောပပြိုင်ပွဲတွေမှာပါ အောင်မြင်မှုတွေရယူဖို့ ရည်မှန်းထားတဲ့ တူရကီကလပ်အသင်းကြီးဆီ ရောက်ရှိလာမှုအတွက် ဝမ်းသာမိတယ်လို့ ပြောကြားခဲ့ပါတယ်။
"မင်္ဂလာပါ ဖီနာဘာချီမိသားစုဝင်တို့ရေ၊ ကျွန်တော့်ကိုအားပေးမှုတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒီကို ရောက်လာရတာ တကယ်ဝမ်းသာပါတယ်" လို့ သူက ဆိုပါတယ်။