ချဲလ်ဆီးကို ပင်နယ်တီနဲ့ အနိုင်ယူနိုင်အောင် လီဗာပူးနည်းပြ ကလော့ပ် ဘယ်လို စနစ်တကျပြင်ဆင်ခဲ့သလဲ(ဆောင်းပါး)
လီဗာပူးအသင်းဟာ ချဲလ်ဆီးကို ယခုနှစ်ရာသီ ဒုတိယအကြိမ်မြောက်အဖြစ် ပင်နယ်တီနဲ့ အနိုင်ယူကာ ၂၀၀၆ခုနှစ်နောက်ပိုင်း ပထမဆုံး အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၁၂၀ပြည့်ချိန် နည်းပြ၂ဦးတို့ဟာ ရတဲ့အချိန်ကို အသုံးပြုပြီး ကစားသမားတွေကို ညွှန်ကြားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဘောလုံးကို စိတ်ပညာအရ လေ့လာဆန်းစစ်သူ ဂီယာ ဂျောဒက်က အလန်ဆိုရဲ့ ပင်နယ်တီ မကန်ခင်နဲ့ ပွဲအပြီးကြား အချိန်လေးအတွင်း ဖြစ်ပျက်ခဲ့တာတွေကို ဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင် ခရိတ် ပေါလ်ဆင်က အချိန်ပိုအပြီး ဝီစီမှုတ်ခဲ့တဲ့ စက္ကန့်၆၀အပြီးမှာပဲ ကလော့ပ်က ပင်နယ်တီကန်ရာမှာ ဘယ်သူ့ကို ယုံရမယ်ဆိုတာ ရွေးချယ်ခဲ့ပြီးသား ဖြစ်ပါတယ်။
ဂျာမန်နည်းပြကြီးဟာ ရွေးချယ်ထားတဲ့ ကစားသမားတစ်ယောက်ချင်းစီကို ချဉ်းကပ်ကာ စကားအနည်းငယ်ပြောခဲ့ပြီးနောက် သူ့ရဲ့ နာမည်ကျော်လှတဲ့ ပွေ့ဖက်နည်းနဲ့ ပွေ့ဖျက်ခဲ့ပါတယ်။ စက္ကန့်၃၀အကြာမှာ သူ့ရဲ့ လုပ်ဆောင်ချက်က ပြီးသွားခဲ့ပြီး ကလော့ပ်က ကစားသမားအားလုံးကို စုရပ်ခေါ်ကာ ၁၅စက္ကန့်လောက် စကားပြောခဲ့ပါတယ်။
ဂျောဒက်ရဲ့ မှတ်သားမှုက ကလော့ပ် အလုပ်ပြီးချိန်မှာ ချဲလ်ဆီးနည်းပြ တူချယ်က စာရွက်တွေ လှန်နေဆဲဖြစ်ကာ စုရပ်ကို လာဖို့လုပ်နေတုန်း ဖြစ်ပါတယ်။ တူချယ်က အစပိုင်းမိနစ်တွေကို ပင်နယ်တီအတွက် ရွေးချယ်ထားတဲ့ ကစားသမားတွေအကြောင်းနဲ့ သူ့ရဲ့ အမြင်အကြောင်း ပြောနေချိန် လီဗာပူးဘက်မှာကတော့ လူစုကွဲသွားပြီဖြစ်တာကို တူချယ်တစ်ယောက် သတိထားမိခဲ့ပါတယ်။
အဲ့ဒီနောက် တူချယ်က ရွေးချယ်မှုမပြီးခင်မှာတင် ကစားသမားတွေကြား ဝင်သွားခဲ့တာကို တွေ့ရပါတယ်။ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ နည်းပြ ဆောက်ဂိတ်ကလည်း တူချယ်လိုပဲ ပင်နယ်တီကန်မယ့် ကစားသမား မရွေးရသေးခင်မှာတင် ကစားသမားတွေထဲ ဝင်သွားခဲ့တဲ့ဖြစ်ရပ်မျိုး ရှိခဲ့ပါတယ်။ တူချယ်က အလားတူ အမှားမျိုးကျူးလွန်တဲ့အပေါ် ဂျောဒက်က “မင်း နောက်ကျပြီး အသင့်မဖြစ်သေးပဲ ပြာနေချိန် ဗိုလ်လုပွဲက ချောချောမောမော ပြီးသွားရမှာကို ဖိအားများကြီး လောကြီးမိပါတယ်”လို့ ပြောခဲ့ပါတယ်။
တူချယ်တစ်ယောက် ကစားသမားတွေရဲ့ အလယ်ရောက်သွားချိန် ဘယ်သူက ကန်မယ်ဆိုတာ သွားမေးလိုက်တာကြောင့် အားလုံးအပေါ်မှာ ဖိအားတွေ ပိုများသွားစေပါတယ်။ တူချယ်က ဘယ်ကစားသမား ပင်နယ်တီကန်မလဲ မေးနေချိန် ကလော့ပ်ကတော့ ကစားသမားတွေနဲ့ နွေးနွေးထွေးထွေး စကားပြောနေပြီး ဗန်ဒိုက်နဲ့တောင် စနောက်နေခဲ့ပါတယ်။
လီဗာပူးက အရင်အသင့်ဖြစ်ခဲ့တာကြောင့် ပင်နယ်တီကန်တာကိုကြည့်ဖို့ ကွင်းလယ်စည်းဝိုင်းထဲ နေရာယူခွင့် ရခဲ့ပါတယ်။ လီဗာပူးအသငင်းသားတွေဟာ ကလော့ပ်၊ နည်းပြအဖွဲ့၊ အရန်ကစားမားတွေနဲ့ အနီးဆုံးရှိမယ့် နေရာကို ဝင်ယူနိုင်ခဲ့ပါတယ်။
ဒါကြောင့် ကလော့ပ်တစ်ယောက် ဖိအားအောက် ရောက်နေတဲ့ ကစားသမားတွေကို သူ့ရဲ့ အားပေးမှုတွေနဲ့ ဖိအားလျော့ချနိုင်ခဲ့တာကို တွေ့ရမှာပါ။ အက်စ်ပီကျူတာနဲ့ မေဆင်မောင့်တို့ ပင်နယ်တီလွဲခဲ့ခြင်းက ကလော့ပ်တို့ကို ယခုနှစ်ရာသီ ဒုတိယမြောက် ဆုဖလားရစေခဲ့ပြီး ဆုဖလားတွေ ထပ်ရနိုင်ခြေလည်း ရှိနေပါသေးတယ်။