The network connection is lost.

Banner Image

မန်စီးတီးကိုဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး လီဗာပူးရဲ့စိတ်ဓာတ်ပိုင်းနဲ့ တိုက်ပွဲဝင်လိုစိတ်ကို ဝေဖန်လိုက်တဲ့ ဆိုဘိုဆလိုင်း

မန်စီးတီးနဲ့ရင်ဆိုင်ရတဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂိုးပြတ်ရှုံးနိမ့်မှုနဲ့ပတ်သက်ပြီး ရှင်းပြဖို့ခက်ခဲတယ်လို့ လီဗာပူးကွင်းလယ်ကစားသမားဆိုဘိုဆလိုင်းက ဝန်ခံပြောကြားလိုက်ပါတယ်။

အီတီဟတ်ကွင်းမှာကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ မန်စီးတီးက လီဗာပူးကို ၄-၀ ဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

ပွဲစဉ်အပြီး ဆိုဘိုဆလိုင်းက "ဘာကြောင့်လဲဆိုတာ ကျွန်တော်မသိပါဘူး။ တစ်ခုခုကို ကြိုးစားလုပ်ဆောင်နေပေမဲ့ ရလဒ်ထွက်မလာတဲ့အခါ ဘာမှအဓိပ္ပာယ်မရှိတော့သလိုပါပဲ။ ကျွန်တော်တို့မှာ အခွင့်အရေးတွေရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့သလို အလွယ်တကူပဲ ပင်နယ်တီပေးလိုက်ရတယ်။ အခု ၄-၀ ဂိုးဆိုတဲ့ လဒ်နဲ့ ရှုံးနိမ့်ခဲ့ပါပြီ။ ကျွန်တော်တို့ အခုလောက်အထိ ဂိုးတွေ ခွင့်မပြုပေးသင့်ပါဘူး။ ဒီထက်ပိုပြီး ပြောစရာမရှိတော့ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၎င်းက "ဒီကွင်းမှာ အနိုင်ရဖို့ဆိုတာ ခက်ခဲပါတယ်။ ၁-၀ ဂိုးနဲ့ ရှုံးနေချိန်မှာတော့ ပြန်လာနိုင်မယ်လို့ ယုံကြည်ချက်ရှိပါသေးတယ်။ ဒါပေမဲ့ ၂-၀ ဂိုးဖြစ်သွားတယ်ဆိုတာကတော့ ကျွန်တော်တို့ရဲ့ အမှားပါပဲ။ ပထမပိုင်းပြီးခါနီး နောက်ဆုံးမိနစ်မှာ နောက်ထပ်တစ်ဂိုး ထပ်ပေးလိုက်ရတာပါ။ ၂-၀ ဂိုးဖြစ်သွားချိန် အခွင့်အရေးက တဖြည်းဖြည်းနည်းသွားခဲ့ပါပြီ။ ဒုတိယပိုင်းမှာ ပြန်လာနိုင်တယ်ဆိုတာကို သက်သေပြဖို့ ကွင်းထဲပြန်ဝင်ခဲ့ပေမဲ့ တတိယဂိုး ထပ်ပေးလိုက်ရတဲ့အခါမှာတော့ ပြန်လာနိုင်ဖို့ အခွင့်အရေး လုံးဝမရှိတော့ပါဘူး" လို့လည်း ဆိုပါတယ်။

လီဗာပူးအသင်းမှာ ဘာတွေလိုအပ်နေလဲဆိုတဲ့အပေါ် ဟန်ဂေရီလက်ရွေးစင်ကွင်းလယ်လူက "အသင်းမှာ တိုက်ပွဲဝင်လိုစိတ် မရှိခဲ့သလို စိတ်ဓာတ်ပိုင်းလည်း အားနည်းခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့အားလုံး အစွမ်းကုန် မကြိုးစားနိုင်ခဲ့ကြပါဘူး။ ဒါ ခက်ခဲနေချိန်ဖြစ်ပေမဲ့ ကျွန်တော်တို့ အတူတူလက်တွဲထားရပါမယ်။ ဗုဒ္ဓဟူးနေ့မှာ နောက်ထပ်အခွင့်အရေးတစ်ခု ရှိသေးလို့ အခုလိုမျိုးပုံစံနဲ့ ရာသီကို အဆုံးမသတ်ချင်ဘူးဆိုတာကို ကျွန်တော်တို့ နားလည်ထားရပါမယ်" လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

စိတ်ဓာတ်ပိုင်း ဘာကြောင့်အားနည်းခဲ့လဲဆိုတဲ့အပေါ်မှာတော့ "ဒါက မေးခွန်းကောင်းတစ်ခုပါ။ ကျွန်တော်လည်း မသိပါဘူး။ အမှန်အတိုင်းပြောရရင် စကားလုံးရှာဖို့တောင် ခက်ပါတယ်။ ကျွန်တော်တို့ ဒီပွဲကို အရမ်းနိုင်ချင်ခဲ့ပါတယ်။ မန်စီးတီးကွင်းမှာ ၄-၀ ဂိုးနဲ့ ရှုံးနိမ့်ရတယ်ဆိုတာ တကယ်ကို မကောင်းတဲ့ ခံစားချက်ပါပဲ" လို့ ဆိုဘိုဆလိုင်းက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။