
အာဆင်နယ်လူငယ်စတားကို ဘာစီလိုနာဂန္ထဝင်နဲ့ခိုင်းနှိုင်းလိုက်တဲ့ ဂရိုဗက်စ်
အာဆင်နယ်ဂန္ထဝင်ဟောင်း ပယ်ရီဂရိုဗက်စ်က လူငယ်စတား ဒေါင်းမန်းဟာ လီယွန်နယ်မက်ဆီနဲ့ ဆင်တူတယ်လို့ ခိုင်းနှိုင်းလိုက်ပါတယ်။ ဂရိုဗက်စ်က အသက် ၁၅ နှစ်သားရဲ့စွမ်းဆောင်ရည် နဲ့ ဘယ်ခြေကစားပုံဟာ ထိတ်လန့်စရာအရည်အချင်းလို့ ချီးကျူးခဲ့ပါတယ်။အာဆင်နယ်ရဲ့ရာသီကြိုခရီးစဉ်မှာ ဒေါင်းမန်းတစ်ယောက် တောက်ပနေတာဖြစ်ပြီး အေစီမီလန် ၊ နယူးကာဆယ်တို့နဲ့ပွဲတွေမှာ ခြေစွမ်းကောင်းတွေပြသထားနိုင်ခဲ့ပါတယ်။
အသက် ၁၅ နှစ်သားဟာ နယူးကာဆယ်နဲ့ပွဲမှာ တစ်ဦးတည်းကျော်ဖြတ်ပြီး ပင်နယ်တီရယူနိုင်ခဲ့ပြီး အဆိုပါဗီဒီယိုကလည်း ရေပန်းစားနေပါတယ်။ နည်းစနစ်ပိုင်းကြွယ်ဝမှု နဲ့ တည်ငြိမ်မှုကြောင့် အသင်းအတွင်းမှာ စိတ်လှုပ်ရှားနေကြပြီး ဂရိုဗက်စ်က ဒေါင်းမန်းကို ဘာစီလိုနာဂန္ထဝင် မက်ဆီနဲ့ ခိုင်းနှိုင်းခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် အဲ့ကောင်လေး ဟေးအန့်တ်အကယ်ဒမီတစ်လျှောက် ကျော်ဖြတ်လာတာကို ကြားမိပါတယ်။ သူအသက် ၁၃ နှစ်နဲ့ ယူ - ၁၆ အသင်းမှာကစားနေတာပါ။ ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ယူ-၁၈ အသင်းမှာ ပထမဆုံးအကြိမ် အာဆင်နယ်အတွက် ကစားပေးတာကို မြင်ခဲ့ရပါတယ်။ သူ့မှာ ကြွယ်ဝတဲ့နည်းစနစ်ရှိနေသလို အဲ့တာကလည်း နည်းပြအနေနဲ့ မယုံကြည်စရာနိုင်စရာပါ။ ထိပ်တန်းစွမ်းဆောင်ရည်ကောင်းပြသနိုင်သလို သူက ပြိုင်ဘက်ကို အလဲထိုးနိုင်စွမ်းရှိနေပါတယ်။
သူ့မှာ ထိတ်လန့်ဖွယ်ရာအရည်အချင်းကောင်းရှိနေပါတယ်။ အာဆင်နယ်မှာ ဆာကာ ၊ နွမ်နီရီ ၊ စကယ်လီတို့လို ဖြစ်လာနိုင်ပါတယ်။ သူ့စတိုင်က မက်ဆီနဲ့ အများကြီးဆင်တူပါတယ်။ ဘယ်ခြေတင်မဟုတ်ပဲ တည်ဆောက်မှု နဲ့ မျှခြေလည်း အတူတူပါပဲ။ ကျွန်တော် သူ့ကိုမက်ဆီလောက်ကောင်းတယ်လို့ ဆိုလိုနေတာမဟုတ်ပါဘူး။ မက်ဆီက ကမ္ဘာ့အကောင်းဆုံးကစားသမားပါ။ ဒေါင်းမန်းမှာ ကောင်းမွန်တဲ့နောက်ခံရှိနေပါတယ်။ သူ့အနေနဲ့ ဒဏ်ရာရမယ် ဒါမှမဟုတ် ဦးတည်ချက်မမှန်ဘူးဆိုရင် ထိပ်တန်းအဆင့်ရောက်နိုင်မှာမဟုတ်ပါဘူး။
သတင်းတွေကြားတာတော့ သူက အရမ်းတည်ငြိမ်သလို ကွင်းပြင်ပမှာလည်း လူကြီးတစ်ယောက်လိုနေထိုင်တတ်တယ်ဆိုတာကို ကျွန်တော် ကြားမိပါတယ်။
လက်ရှိအချိန်မှာ သူ့အနေနဲ့ အငှားထွက်ကစားဖို့ ကောင်းလွန်းတဲ့အချိန်ပါ။ အာဆင်နယ်လူစာရင်းမှာ ပြီးခဲ့တဲ့ရာသီတုန်းက နေရာမရတာက ပရီးမီးယားလိဂ်ရဲ့အသက်ကန့်သတ်ထားတဲ့စည်းမျည်းကြောင့်ပါ။ သူ့ကိုကြည့်ရတာ ဘယ်လင်ဟမ်ကိုတောင် ပြန်မြင်ရသလိုပါပဲ။ ယေဘုယျအားဖြင့် ဘယ်လင်ဟမ်ဆိုရင်လည်း ဒေါ့မွန်ကနေ ရီးရဲလ်ကိုပြောင်းရွှေ့နိုင်ခဲ့တာပါ။ ဘာမင်ဂမ်မှာတုန်းက သူကောင်းကောင်းကိုင်တွယ်နိုင်ခဲ့ပါတယ်။ ဒေါင်းမန်းအနေနဲ့လည်း တောင်ပံတွေမှာကစားတာကို အဆုံးသတ်ပြီး ဘယ်ခြမ်း ဒါမှမဟုတ် နံပတ် ၁၀ နေရာမှာကစားဖို့ လုပ်ဆောင်ရပါမယ်”လို့ ဂရိုဗက်စ်က ပြောကြားခဲ့ပါတယ်။
ဆယ်ကျော်သက်ကစားသမားလေးဟာ လက်ရှိအာဆင်နယ်စီနီယာအသင်းနဲ့အတူ လေ့ကျင့်နေပြီး အာတီတာကတော့ သေချာလေးကိုင်တွယ်နေပါတယ်။ တကယ်လို့ အဆင်ပြေပြေကိုင်တွယ်နိုင်မယ်ဆိုရင် ဒေါင်းမန်းဟာ နောက်ထပ် ဟေးအန့်တ်ရဲ့ကြယ်ပွင့်ကစားသမားတစ်ဦးထပ်ဖြစ်လာမှာဖြစ်ပါတယ်။