The network connection is lost.

Banner Image

အင်္ဂလန်အသင်းမှာ ညီအစ်ကိုနှစ်ဦး တွဲဖက်ကစားရမယ့် အခွင့်အလမ်းအတွက် စိတ်လှုပ်ရှားနေတဲ့ ဂျိုဘီဘယ်လင်ဟမ်

ဂျိုဘီဘယ်လင်ဟမ်က အစ်ကိုဖြစ်သူ ဂျုဒ်ဘယ်လင်ဟမ်နဲ့အတူ အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့်ရရှိမယ့် အခွင့်အရေးအတွက် စကားလုံးတွေနဲ့တောင် ဖော်ပြလို့ မရတော့ဘူးလို့ ပြောပါတယ်။

အင်္ဂလန် ယူ-၂၁ အသင်းနဲ့ ဒေါ့မွန်တို့မှာ အထင်ကြီးလောက်စရာခြေစွမ်းမျိုး ပြသနိုင်ခဲ့ပြီးနောက် ဒီကွင်းလယ်ကစားသမားက သောမတ်စ်တူချယ်ရဲ့လူစာရင်းဆီ ပထမဆုံးအကြိမ် ပါဝင်လာခဲ့ပါတယ်။

တကယ်လို့ ခရိုအေးရှား၊ စပိန်တို့နဲ့ ရင်ဆိုင်ရမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေကို သူပါဝင်ကစားမယ်ဆိုရင် ဘယ်လင်ဟမ်ညီအစ်ကိုတွေက အင်္ဂလန်အတွက် ပါဝင်ကစားပေးတဲ့ ၂၂ တွဲမြောက်သွေးသားရင်းညီအစ်ကိုအတွဲ ဖြစ်လာပါလိမ့်မယ်။

ဒီအဖြစ်အပျက်ကို သူ့ရဲ့ကစားသမားဘဝအတွက် အထင်ရှားဆုံးအခိုက်အတန့်လို့ ဂျုဒ်ဘယ်လင်ဟမ်က အတိတ်မှာ တင်စားခဲ့ဖူးသလို ဂျိုဘီဘယ်လင်ဟမ်ကလည်း စိတ်ခံစားမှုအပြည့်နဲ့ မှတ်တိုင်သစ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ England app မှာ ဂျိုဘီက "ဒါကို ကျွန်တော် လျစ်လျူမရှုထားနိုင်ပါဘူး။ ဂျုဒ်ပါ ဒီမှာ ရောက်နေလို့ ကျွန်တော်တို့ မိသားစုအတွက် အလွန်ကို ကောင်းမွန်တဲ့ ခံစားချက်ပါပဲ"

"ရိုးရိုးသားသား ပြောရရင် ဒါ တကယ်ကို ထူးခြားပါတယ်။ အရမ်းထူးခြားပြီး ကောင်းမွန်ပြီးသား အရာတစ်ခုပေါ်မှာ ထပ်ဆောင်းရရှိတဲ့ ဆုလာဘ်ကြီးတစ်ခုပါပဲ။ အင်္ဂလန်အသင်းဆီ ခေါ်ယူခံရတယ်ဆိုတာ ကိုယ့်ရဲ့အိပ်မက်တစ်ခုဖြစ်သလို အသက်အရွယ်အပိုင်းအခြား တိုင်းမှာ အင်္ဂလန်ကို ကိုယ်စားပြုခွင့်ရခဲ့တဲ့ အခွင့်အရေးအတွက်လည်း ကျွန်တော် အရမ်း ဂုဏ်ယူခဲ့ရပါတယ်"

"အင်္ဂလန်အသင်းနဲ့အတူ အဝေးဆီ သွား‌ရောက်ယှဉ်ပြိုင်ကစားရတာကို ကျွန်တော် အမြဲ သဘောကျခဲ့ပါတယ်။ ဘယ်အသက်အရွယ်အပိုင်းအခြားမှာမဆို ထိပ်တန်းကစားသမားတွေနဲ့ ယှဉ်ပြိုင်ကစားရတာကို သဘောကျပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့အစ်ကိုနဲ့အတူ အင်္ဂလန်ကို ကိုယ်စားပြုခွင့်ရရှိမယ့် အခွင့်အရေးကတော့ စကားလုံးတွေနဲ့ ဖော်ပြဖို့တောင် ခက်ခဲလွန်းပါတယ်"

"တကယ်တော့ ပြောစရာစကားလုံးတောင် မရှိပါဘူး။ စိတ်ခံစားမှုတစ်ခုတည်းနဲ့ပဲ ဒါကို ဖော်ပြနိုင်မယ်လို့ ထင်ပါတယ်။ တကယ်လို့ အဲဒီအချိန်ရောက်လာရင်တော့ လူတွေဆီမှရော၊ ကျွန်တော့်မိသားစုဆီမှပါ စိတ်လှုပ်ရှားကြည်နူးမှုတွေကို ခင်ဗျားတို့ သေချာပေါက် မြင်တွေ့ရပါလိမ့်မယ်" လို့ ပြောပါတယ်။

ဂျုဒ်က သူ့ရဲ့ညီငယ်ကို စောင့်ကြည့်ပေးဖို့ အကြံပြုတိုက်တွန်းခဲ့မှုနဲ့အတူ ဂျိုဘီကို အသင်းအတွက် ရွေးချယ်လိုက်ပြီလို့ တူချယ်က လွန်ခဲ့တဲ့သီတင်းပတ်အတွင်း အသိပေးခဲ့ပါတယ်။ ဒီဖုန်းခေါ်ဆိုမှုကို လက်ခံရရှိချိန်မှာ ဒေါ့မွန်ကွင်းလယ်လူ အလွန်ဝမ်းမြောက်ပျော်ရွှင်ခဲ့ပါတယ်။

ဂျိုဘီက "ဟုတ်ပါတယ်၊ ကစားသမားတစ်ဦးအဖြစ် ဒါကို မျှော်လင့်နေမိတယ်ဆိုတာ သေချာပါတယ်။ ဒါက ကိုယ်ရောက်ချင်တဲ့ နေရာတစ်ခုဖြစ်ပေမဲ့ ယူ-၂၁ အသင်းမှာပဲ ဆက်ရှိနေဦးမယ်လို့ ကျွန်တော် တွေးထားခဲ့တာပါ။ အဲဒီနေရာကလည်း သူ့အတိုင်းအတာနဲ့သူ ဂုဏ်ယူစရာ ကောင်းပြီးသားပါ"

"ပြီးခဲ့တဲ့ကြာသပတေးနေ့၊ လေ့ကျင့်ခန်းဆင်းပြီး ကားမောင်းပြန်လာချိန် ကားထဲက မျက်နှာပြင်မှာ မက်ဆေ့ခ်ျတစ်ခု ပေါ်လာပြီး 'မင်္ဂလာပါ ဂျိုဘီ၊ သောမတ်စ်တူချယ်ပါ' လို့ ရေးထားတာကို တွေ့လိုက်ရတယ်"

"ခင်ဗျား စဉ်းစားကြည့်လို့ရသလိုပဲ ကျွန်တော် အရမ်းပျော်ရွှင်စိတ်လှုပ်ရှားသွားခဲ့ပြီး အဲဒီနောက်ပိုင်း ဖုန်းပြောဖြစ်တဲ့အချိန်မှာတော့ ဒါက အိပ်မက်ဆန်ဆန် ဖြစ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဘာလုပ်ရမှန်းတောင် မသိတော့ဘဲ အရမ်းပျော်ပြီး ပြုံးတာကိုတောင် ရပ်လို့မရခဲ့ပါဘူး"

"ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ ဒါက ကျွန်တော်မျှော်လင့်ထားခဲ့တဲ့ အရာတစ်ခုဖြစ်ပြီး ပွဲစဉ်တိုင်း၊ သီတင်းပတ်တိုင်းမှာ ဒါကို ဖြစ်နိုင်ခြေ ပိုများလာအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ခံစားရပါတယ်။ ဟုတ်ပါတယ်၊ ကျွန်တော် တကယ်ပဲ ဝမ်းသာမိပါတယ်" လို့ ဆိုပါတယ်။