စည်းကမ်းဖောက်ဖျက်မှု ဖြစ်ပွားပြီးနောက် အဲဗာတန်ပရိသတ်တွေကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်လိုက်တဲ့ ဂျက်ဂရီးလစ်ရှ်
ကလပ်အသင်းရဲ့စည်းကမ်းတွေကို ဖောက်ဖျက်မှုကြောင့် မကြာသေးမီသီတင်းပတ်တွေအတွင်း အသင်းလူစာရင်းမှာ မပါဝင်နိုင်ခဲ့တဲ့ ဂျက်ဂရီးလစ်ရှ်က အဲဗာတန်ပရိသတ်တွေဆီ ပြန်လည်တောင်းပန်လိုက်ပါတယ်။
မန်စီးတီးမှ အငှားလာရောက်ကစားနေတဲ့ ကစားသမားက နယူးကာဆယ်နဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်နှစ်ခု၊ ကိုဗင်ထရီကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ် စုစုပေါင်းသုံးပွဲကို လွဲချော်ခဲ့ပါတယ်။
ဒါပေမဲ့ အသက် ၃၁ နှစ်အရွယ်ကစားသမားက ဒါဘီကောင်တီကို အနိုင်ရရှိခဲ့တဲ့ ကြာသပတေးနေ့တံခါးပိတ်ခြေစမ်းပွဲမှာ ပါဝင်ကစားရင်း ကွင်းတွင်းဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
အဲဒီနောက် ဂရီးလစ်ရှ်က လူမှုကွန်ရက်မှတဆင့် စိတ်မကောင်းဖြစ်မိပုံကို ထုတ်ဖော်ပြောဆိုခဲ့သလို အဲဗာတန်ပရိသတ်တွေရှေ့မှောက် ပြန်လည်ကစားနိုင်ရေးအတွက် မစောင့်ဆိုင်းနိုင်တော့ဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
Instagram story မှာ ဂရီးလစ်ရှ်က "ရက်အနည်းငယ်လောက် လေ့ကျင့်ခန်းကောင်းကောင်းဆင်းပြီးနောက် ဒီနေ့မှာ ကစားသမားတွေနဲ့အတူ ကွင်းထဲ ပြန်ရောက်လာရတာ အရမ်းကောင်းပါတယ်"
"ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အသင်းကို မကူညီနိုင်ခဲ့လို့ ပရိသတ်တွေရော၊ ကလပ်အသင်းမှာရှိတဲ့ လူတိုင်းကိုပါ ကျွန်တော် တောင်းပန်ချင်ပါတယ်"
"ဒီကလပ်အတွက် ကစားရတာကို ကျွန်တော် ချစ်မြတ်နိုးသလို အဲဗာတန်ဂျာစီကို ဝတ်ဆင်ပြီး ခင်ဗျားတို့အားလုံးရဲ့ရှေ့မှောက်မှာ ပြန်ကစားပေးဖို့ မစောင့်နိုင်တော့ပါဘူး။ မကြာခင် တွေ့ကြမယ်နော်" လို့ ရေးသားဖော်ပြခဲ့ပါတယ်။