
ဒဏ်ရာရရှိနေတဲ့ လမိုင်းယာမယ်လ်အပေါ် စပိန်အသင်းကိုင်တွယ်ပုံကို ပြစ်တင်ဝေဖန်ခဲ့တဲ့ ဟန်စီဖလစ်ခ်
ဘူဂေးရီးယား၊ တူရကီတို့နဲ့ရင်ဆိုင်ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ တောင်ပံကစားသမားကို အကိုက်အခဲပျောက်ဆေးတိုက်ကာ ပါဝင်ကစားစေပြီးနောက် ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က စပိန်အသင်းရဲ့ လမိုင်းယာမယ်လ်အပေါ်ကိုင်တွယ်ပုံကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
ဒါ့အပြင် ဟန်စီဖလစ်ခ်က အကျိုးဆက်အဖြစ် ပေါင်ခြံဒဏ်ရာနဲ့အတူ ဗလန်စီယာနဲ့ရင်ဆိုင်ရမယ့် ဘာစီလိုနာရဲ့လာလီဂါပွဲစဉ်ကို ဆယ်ကျော်သက်ကြယ်ပွင့် လွဲချော်သွားလိမ့်မယ်လို့ အတည်ပြုခဲ့ပါတယ်။
စပိန်ပြည်တွင်းအခြေစိုက် Mundo Deportivo သတင်းဌာနရဲ့အဆိုအရ စနေနေ့မနက်ပိုင်း၊ ဗလန်စီယာနဲ့ရင်ဆိုင်ရမယ့် ပွဲကြိုလေ့ကျင့်ရေးအစီအစဉ်မှ ယာမယ်လ်နုတ်ထွက်သွားတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာလည်း ဟန်စီဖလစ်ခ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း အခုသီတင်းပတ်ကုန်ပွဲစဉ်ကို အသက်-၁၈ နှစ်အရွယ်ကစားသမား လွဲချော်လိမ့်မယ်လို့ အတည်ပြုခဲ့ပြီး လာမယ့်ကြာသပတေးနေ့၊ နယူးကာဆယ်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်အုပ်စုအဖွင့်အဝေးကွင်းပွဲစဉ်ကိုလည်း လွဲချော်သွားနိုင်တယ်လို့ ရှင်းပြခဲ့ပါတယ်။
စနေနေ့လည်ပိုင်း၊ သတင်းမီဒီယာတွေ့ဆုံမှုမှာ ဒေါသကိုမထိန်းချုပ်နိုင်ဖြစ်နေတဲ့ အသက်-၆၀ နှစ်အရွယ် ဟန်စီဖလစ်ခ်က လက်ရွေးစင်အသင်းနဲ့မပူးပေါင်းခင် ဒဏ်ရာပြဿနာတစ်ခုရှိကြောင်း ဖွင့်ဟပြောကြားခဲ့တဲ့ တိုက်စစ်မှူးကို ဘူဂေးရီးယား၊ တူရကီတို့နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ စပိန်အသင်းကိုယ်တိုင် ပွဲထွက်ယှဉ်ပြိုင်စေခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဟန်စီဖလစ်ခ်က “ လမိုင်းယာမယ်လ်ကို ဆုံးရှုံးလိုက်ရပါပြီ။ သူက လက်ရွေးစင်အသင်းဆီ နာကျင်မှုတစ်ခုနဲ့အတူ ရောက်ရှိသွားခဲ့ပြီး မလေ့ကျင့်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ လက်ရွေးစင်အသင်းက သူ့ကို အကိုက်အခဲပျောက်ဆေးတိုက်ပြီး ပွဲထွက်ကစားစေခဲ့ပါတယ်။ ပွဲတိုင်းမှာ အနည်းဆုံးသုံးဂိုးပြတ်လောက်ဦးဆောင်ထားချိန်အထိ ယာမယ်လ်က ပွဲချိန်မိနစ် ၇၀ ကျော်၊ ၈၀ နီးပါး ကစားခဲ့ရပါတယ်။ ဒီပွဲစဉ်နှစ်ခုအကြားမှာလည်း ယာမယ်လ် မလေ့ကျင့်နိုင်ခဲ့ပါဘူး။ ဒါက ကစားသမားအပေါ် ဂရုမစိုက်တာပါပဲ။ ဒီအတွက် ကျွန်တော် အလွန်စိတ်မကောင်းဖြစ်မိပါတယ်”လို့ ပြောပါတယ်။
ဗလန်စီယာနဲ့ပွဲစဉ်အတွက် လမိုင်းယာမယ်လ်မကစားနိုင်မှုနဲ့အတူ ဘာစီလိုနာတိုက်စစ်ပိုင်းမှာ ရက်ရှ်ဖို့ဒ် ပွဲထွက်ပါဝင်ကစားလာနိုင်ပါတယ်။ အသက်-၂၇ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးက ဘာစီလိုနာအတွက် ပထမဆုံးပြိုင်ပွဲသွင်းဂိုးရရှိဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။
ဘာစီလိုနာက ၂၀၂၅-၂၀၂၆ လာလီဂါဘောလုံးရာသီ၊ ပထမဆုံးအိမ်ကွင်းပွဲစဉ်အဖြစ် နူးကမ့်မှာ ဗလန်စီယာကို ဧည့်ခံကစားပါလိမ့်မယ်။ ဟန်စီဖလစ်ခ်ရဲ့အသင်းက ရာသီသစ်စတင်မှုကနဦးသုံးပွဲမှာ မာယော့ကာ၊ လီဗန်တေးတို့ကို အနိုင်ရရှိပေမယ့် နိုင်ငံတကာသီတင်းပတ်မတိုင်ခင် ဗယ်လီကာနိုကို သရေသာကစားနိုင်ခဲ့ပါတယ်။