ဒဏ်ရာပြဿနာကြောင့် ဘရိုက်တန်နဲ့ပွဲစဉ်ကို လွဲချော်သွားမယ့် ဆာလီဘာနဲ့ မာတင်နယ်လီ
အာဆင်နယ်အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ နောက်ခံလူ ဝီလီယမ်ဆာလီဘာနဲ့ တောင်ပံကစားသမား ဂါဘရီရယ်မာတင်နယ်လီတို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် ကြာသပတေးနေ့ ဘရိုက်တန်နဲ့ယှဉ်ပြိုင်သွားရမယ့် ကာရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်ကို လွဲချော်သွားမယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ နဲ့အနိုင်ရရှိခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲချိန်တစ်ဝက်မှာပဲ လူစားလဲခံခဲ့ရတဲ့ ဆာလီဘာဟာ ဒဏ်ရာပြဿနာကြုံတွေ့ထားရကြောင်း နည်းပြမီခေးလ်အာတီတာက အတည်ပြုထားပါတယ်။ ဒါကြောင့် ပြင်သစ်လက်ရွေးစင်မပါဝင်နိုင်တဲ့ အာဆင်နယ်ရဲ့ခံစစ်ဟာ ဘရိုက်တန်နဲ့ပွဲစဉ်မှာတော့ ပုံစံကောင်းရရှိဖို့ အတော်လေးရုန်းကန်သွားရနိုင်ပါတယ်။
ဆာလီဘာရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး စပိန်သားနည်းပြက "ဆာလီဘာက ဘရိုက်တန်နဲ့ပွဲကိုလွဲချော်သွားမှာပါ။ ကျွန်တော်တို့သူ့ရဲ့ဒဏ်ရာကို အကဲဖြတ်နေပါတယ်။ ဒါပေမယ့် သေချာတာကတော့ ဘရိုက်တန်နဲ့ပွဲမှာ သူပါမှာမဟုတ်ပါဘူး" လို့ပြောကြားထားပါတယ်။ တစ်ချိန်တည်းမှာပဲ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာပြဿနာကြုံတွေ့ခဲ့တဲ့ မာတင်နယ်လီကလည်း ဘရိုက်တန်နဲ့ပွဲစဉ်ကိုလွဲချော်သွားမယ်လို့ အာတီတာကအတည်ပြုခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်ဟာ ပဲလေ့စ်နဲ့ပွဲစဉ်အပြီးမှာ အသင်းရဲ့ဥမင်လှိုဏ်ခေါင်းထဲသို့ ချက်ချင်းပဲသွားရောက်ပြီး ဆေးကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။
မာတင်နယ်လီဟာ ဒီရာသီမှာ အာဆင်နယ်ရဲ့တိုက်စစ်အတွက် အရေးပါတဲ့ကစားသမားတစ်ယောက်အဖြစ် ပါဝင်ထားနိုင်သူဖြစ်ပြီး လူစားဝင်ကစားသမားအဖြစ် သွင်းဂိုးတွေလည်း ဆက်တိုက်ရရှိနေသူဖြစ်ပါတယ်။ အာတီတာက "မာတင်နယ်လီကလည်း ဒီပွဲကိုလွဲချော်သွားဖို့ရှိပါတယ်။ သူ့ရဲ့ဒဏ်ရာ ဘယ်လောက်အထိပြင်းထန်နိုင်သလဲဆိုတာ ကျွန်တော်တို့ စစ်ဆေးနေပါတယ်။ ဒါပေမယ့် ဘရိုက်တန်နဲ့ပွဲကတော့ သူပါဝင်ကစားဖို့ အရမ်းစောပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။
သို့သော်လည်း အခြားဒဏ်ရာရကစားသမားတွေဖြစ်တဲ့ ဒီကလန်ရိုက်စ်၊ ရီကာဒိုကာလာဖီအိုရီနဲ့ ဘူကာယိုဆာကာတို့ကတော့ ဘရိုက်တန်နဲ့ပွဲမှာပါဝင်ဖို့ ကြံ့ခိုင်မှုပြည့်ဝနေကြောင်း အာတီတာက အသိပေးခဲ့ပါတယ်။