The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်တွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားခဲ့တဲ့ ယာမယ်လ်ကို ကာကွယ်ပြောဆိုလာတဲ့ ချူအာမန်နီ

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် အူရီလီယန်ချူအာမန်နီဟာ သူ့ရဲ့အသင်းဖော်တွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားခဲ့တဲ့ ဘာစီလိုနာပါရမီရှင်ကစားသမားလေး လာမိုင်းယာမယ်လ်ကို ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။တနင်္ဂနွေနေ့ကယှဉ်ပြိုင်ခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို ၂-၁ နဲ့အနိုင်ရပြီးနောက် ပွဲအပြီးမှာ ယာမယ်လ်နဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားတစ်ချို့ ကွင်းဘေးမှာ ပြဿနာဖြစ်ပွားခဲ့ပြီး ရုတ်ရင်းဆန်ခက်တွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုတစ်ပတ်အစောပိုင်းမှာ ယာမယ်လ်ဟာ  ရီးရဲလ်မက်ဒရစ်ကို ဝေဖန်မှုတွေပြုလုပ်ခဲ့တာကြောင့် အယ်လ်ကလက်စီကိုပွဲစဉ်အတွင်း ပြိုင်ဘက်ကစားသမားတွေရဲ့ ပစ်မှတ်ထားမှုကိုခံခဲ့ရပါတယ်။

ရီးရဲလ်ကြယ်ပွင့်တွေဖြစ်တဲ့ ဒန်နီကာဗာဂျယ်၊ ကောတိုရစ်နဲ့ ဗင်နီစီးယက်စ်တို့ဟာ အသက်-၁၈ နှစ်အရွယ်ကစားသမားရဲ့မှတ်ချက်တွေအပေါ်စိတ်ပျက်မိကြောင်း သိသိသာသာပဲထုတ်ဖော်ပြီး ပြန်လည်တုံ့ပြန်ခဲ့ကြပေမယ့် ချူအာမန်နီကတော့ လူငယ်ကြယ်ပွင့်ရဲ့မှတ်ချက်တွေကို သဘောကျမိကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ ချူအာမန်နီက "ကျွန်တော်သူ့ရဲ့မှတ်ချက်တွေကို သဘောကျပါတယ်။ ပွဲအပြီးမှာ  နှစ်ဘက်အသင်းကစားသမားတွေအကြား ပြဿနာဖြစ်ပွားတာမျိုးတွေတော့ရှိခဲ့ပါတယ်။ သူ့ရဲ့မှတ်ချက်တွေက ကျွန်တော်တို့အတွက် တွန်းအားဖြစ်စေခဲ့ပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းကလည်း ဒီလိုစိတ်ဓာတ်စစ်ဆင်ရေးလုပ်တတ်တဲ့ကစားသမားတွေကို မြင်တွေ့ခဲ့ဖူးပါတယ်"

"ဒါကြောင့် ကျွန်တော်စိတ်မပူပါဘူး။ အဆုံးမှာတော့ ကျွန်တော်တို့အနိုင်ရခဲ့ပြီး ဒီပုံစံအတိုင်းပဲ ရှေ့ဆက်သွားပါမယ်။ ယာမယ်လ်ရဲ့မှတ်ချက်တွေက စကားလုံးတွေပဲဖြစ်ပြီး ဆိုးဝါးတဲ့ရည်ရွယ်ချက်မပါပါဘူး။ ကျွန်တော်တို့အတွက် အကူအညီတောင်ဖြစ်စေခဲ့ပါတယ်"

"ကွင်းပြင်မှာ ဘာစကားတွေပဲပြောပြော ဘောလုံးက ကွင်းထဲမှာကစားရတာပါ။ ဒီနေ့မှာ ကျွန်တော်တို့အနိုင်ရခဲ့ပေမယ့် ဆက်လက်ပြီးတိုးတက်ဖို့ ကြိုးစားသွားရပါမယ်။ ဘာစီလိုနာကို နိုင်ခဲ့တဲ့အတွက်လည်း အရမ်းပျော်ပါတယ်။ အခုချိန်မှာတော့ နောက်ပွဲအတွက် အာရုံစိုက်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။   

ဘာစီလိုနာကို ၅ မှတ်အထိဖြတ်တောက်ပြီး လာလီဂါအမှတ်ပေးဇယားကို ထိပ်ဆုံးကနေဦးဆောင်ထားတဲ့ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာတော့ ဗလန်စီယာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။