အသင်းဟောင်းနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာပါဝင်ဖို့အတွက် အလားအလာကောင်းတွေ ရှိနေတဲ့ အာနိုးလ်
ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ကာဗာဂျယ်လ်က လီဗာပူးနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အပါအဝင် ပွဲစဉ်ပေါင်းများစွာကို လွဲချော်ဖို့ရှိနေလို့ အာနိုးလ်အတွက် အသင်းဟောင်းနဲ့ရင်ဆိုင်ရချိန် ပွဲထွက်ခွင့်ရရှိဖို့ အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်လာပါတယ်။ ကာဗာဂျယ်လ်က ညာဒူးရိုးအဆစ် ခွဲစိတ်ကုသမှုခံယူရမှာဖြစ်လို့ ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ အနားယူသွားရဖွယ် ရှိပါတယ်။
စပိန်လက်ရွေးစင်ကစားသမားက တနင်္ဂနွေနေ့၊ ဘာစီလိုနာကို အနိုင်ယူခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်အပြီး မအီမသာအခြေအနေကို ခံစားခဲ့ရပါတယ်။ အဲ့ဒီပွဲစဉ်မှာ ကာဗာဂျယ်လ်က ဒုတိယပိုင်းပွဲချိန်အတွင်း လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပြီး တနင်္လာနေ့မနက်ခင်းပိုင်းမှာတော့ သူ့ရဲ့ဒဏ်ရာအခြေအနေကို စစ်ဆေးမှုခံယူခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်က ညာနောက်ခံလူကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီမတိုင်ခင် အနည်းဆုံးသီတင်းပတ်ခြောက်ပတ်ကြာ အနားပေးသွားရမယ်လို့ ယုံကြည်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ လာလီဂါဘီလူးကြီးက နိုဝင်ဘာ ၄ ရက်မှာ လီဗာပူးနဲ့ချန်ပီယံလိဂ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရပါမယ်။ မက်ဒရစ်အခြေစိုက်ကလပ်ရဲ့ တနင်္လာနေ့၊ ညနေခင်းကြေညာချက်တစ်ခုမှာ “ ရီးရဲလ်မက်ဒရစ်ဆေးအဖွဲ့ရဲ့ အသင်းခေါင်းဆောင်ကာဗာဂျယ်လ်ကို စစ်ဆေးစမ်းသပ်မှုအရ ကစားသမားရဲ့ညာဘက်ဒူးမှာ အဆစ်လွဲနေတာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ကာဗာဂျယ်လ်ကို ခွဲစိတ်ကုသပေးရပါမယ်”လို့ ဖော်ပြထားပါတယ်။ ကာဗာဂျယ်လ်က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ညာဒူးမှာပဲ အရွတ်ဒဏ်ရာရရှိခဲ့လို့ ပြီးခဲ့တဲ့ဘောလုံးရာသီတစ်ခုလုံးကို လွဲချော်ခဲ့ပါတယ်။
ဒဏ်ရာကြောင့် အသက်-၃၃ နှစ်ရွယ်ကစားသမားအနားယူရဖို့ရှိနေမှုက လီဗာပူးအကယ်ဒမီထွက် အာနိုးလ်အတွက် အသင်းဟောင်းနဲ့ရင်ဆိုင်ရချိန် ပွဲထွက်ခွင့်ရရှိနိုင်မယ့် အခွင့်အလမ်းတွေ ပိုမိုများပြားလာခဲ့ပါတယ်။ စွယ်စုံရညာနောက်ခံလူက မက်ဒရစ်နဲ့ပူးပေါင်းနိုင်ဖို့ ပြီးခဲ့တဲ့နွေရာသီကာလအတွင်း၊ အန်ဖီးလ်မှ ထွက်ခွာခဲ့ပါတယ်။ အာနိုးလ်က အခုအချိန်အထိ ရီးရဲလ်မက်ဒရစ်အတွက် ၁၀ ပွဲပါဝင်ကစားထားပေမဲ့ သူ့ရဲ့စပိန်မြေခရီးစဉ်က အကောင်းအဆိုးရောထွေးနေပါတယ်။ အသက်-၂၇ နှစ်အရွယ်ကစားသမားကိုယ်တိုင်လည်း စက်တင်ဘာလလယ်၊ မာဆေးလ်ကို အနိုင်ရရှိတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာတစ်ခုကို ခံစားခဲ့ရပါတယ်။
လတ်တလောမှာ အာနိုးလ်ရဲ့ဒဏ်ရာအခြေအနေ တိုးတက်နေပြီး လာမယ့်လ၊ ကြိုးကြာနီတွေနဲ့ပွဲစဉ်အတွက် ပွဲထွက်ပေးနိုင်မယ်လို့ သုံးသပ်ရပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားက ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ ဘာစီလိုနာကို အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းလူစာရင်းအတွင်း ပါဝင်ခဲ့ပါတယ်။ ပွဲစဉ်အပြီး ရီးရဲလ်မက်ဒရစ်နည်းပြအလွန်ဆိုက “ အသင်းမှာရှိတဲ့ကစားသမားအားလုံး ပွဲထွက်ခွင့်ရရှိနိုင်တယ်ဆိုတဲ့ အခြေခံမူအပေါ်မှာပဲ ကျွန်တော်ရပ်တည်နေပါတယ်။ ဒီကိစ္စတွေအားလုံးက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ ရှုထောင့်တွေအပေါ် မူတည်ပါတယ်။ ဒါပေမဲ့ ကစားသမားအားလုံး ပွဲကစားခွင့်ရရှိနိုင်ပါတယ်”လို့ ပြောပါတယ်။ ရီးရဲလ်မက်ဒရစ်က မာဆေးဆိုဒ်ခရီးစဉ်မတိုင်ခင် သုံးရက်အလို၊ လာမယ့်စနေနေ့မှာ ဗလန်စီယာနဲ့ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။