ယူနိုက်တက်မှာ သူ့ရဲ့အကြိုက်ဆုံးနည်းပြက ဆိုးလ်ရှားဖြစ်တယ်လို့ဖွင့်ဟလာတဲ့ ရက်ရှ်ဖို့ဒ်
ဘာစီလိုနာမှာ တစ်ရာသီအငှားစာချုပ်နဲ့သွားရောက်ကစားနေတဲ့ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်မှာ သူ့ရဲ့အကြိုက်ဆုံးနည်းပြက အိုလီဂန်နာဆိုးလ်ရှားဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ လက်ရှိယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်နဲ့ အဆင်မပြေမှုတွေရှိခဲ့တာကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်နဲ့လမ်းခွဲခဲ့ပြီး စပိန်မြေသို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာကတည်းက အာမိုရင်ရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်မရခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ဟာ ၂၀၂၄-၂၅ ဘောလုံးရာသီရဲ့ ဒုတိယရာသီဝက်အတွင်း ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာသို့ အငှားစာချုပ်နဲ့ထွက်ခွာခဲ့ပါတယ်။
ယခုအခါမှာတော့ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာသို့ အပြီးသတ်ဝယ်ယူခွင့်ပါ တစ်ရာသီအငှားစာချုပ်နဲ့ရောက်ရှိနေတာဖြစ်ပြီး ရာသီကုန်မှာ ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ နဲ့ စပိန်မြေသို့ အပြီးသတ်ပြောင်းရွှေ့သွားမှာဖြစ်ပါတယ်။ ယခုအခါမှာတော့ ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်မှာ သူ့ရဲ့အကြိုက်ဆုံးနည်းပြက ဘယ်သူလဲလို့မေးမြန်းခဲ့ရာ ကစားသမားက အာမိုရင်ကိုလျစ်လျူရှုပြီး ဆိုးလ်ရှားဖြစ်တယ်လို့ ဖြေကြားလာခဲ့ပါတယ်။
အင်္ဂလန်သားက "အိုလီက မယုံနိုင်စရာလူတစ်ယောက်ပါ။ သူ့လက်အောက်မှာကစားရတာ ကျွန်တော်အရမ်းသဘောကျပါတယ်။ သူနဲ့အတူ လက်တွဲရတာကိုသဘောကျတဲ့ ယူနိုက်တက်ကစားသမားတွေလည်း အများကြီးရှိခဲ့ပါတယ်။ သူ့လက်အောက်မှာ ကျွန်တော်တို့ဘောလုံးကောင်းကောင်းကစားခဲ့ရပါတယ်" "ကျွန်တော့်အတွက်တော့ အဲဒီအချိန်တွေက ကျွန်တော့်ကစားသမားဘဝအတွက် အအောင်မြင်ဆုံးအချိန်တွေပါပဲ။ အိုလီက အရမ်းတော်တဲ့လူတစ်ယောက်ပါ။ ကျွန်တော့်မှာ သူနဲ့ပတ်သက်ပြီး မကောင်းပြောစရာဆိုလို့ ဘာမှမရှိပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဆိုးလ်ရှားလက်အောက်မှာကစားစဉ်က သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝ အကောင်းဆုံးရာသီကို ၂၀၂၀-၂၁ ခုနှစ်မှာ ပုံဖော်နိုင်ခဲ့ပြီး အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ ထိုစဉ်က ပြိုင်ပွဲစုံ ၅၇ ပွဲကစားရာမှာ ၂၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၂ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။