The network connection is lost.

Banner Image

ဘရိုက်တန်နဲ့ပွဲမှာ ၁၅ နှစ်သားလေး မက်ဇ်ဒိုမန်ကို ဘာကြောင့်ပွဲထုတ်ခဲ့သလဲ ရှင်းပြလာတဲ့ အာတီတာ

အာဆင်နယ်နည်းပြမီခေးလ်အာတီတာဟာ ကြာသပတေးနေ့နံနက်က ဘရိုက်တန်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ ဆယ်ကျော်သက်ကစားသမားလေး မက်ဇ်ဒိုမန်ကို ပွဲထွက်လူစာရင်းမှာထည့်သွင်းခဲ့ပြီး ယခုအခါမှာတော့ ဘာကြောင့် ၁၅ နှစ်သားကိုပွဲထုတ်ခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ အာဆင်နယ်ဟာ ဘရိုက်တန်ကို ၂-၀ နဲ့သက်တောင့်သက်သာအနိုင်ရပြီး ကွာတားဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့သလို၊ ဒိုမန်ဟာလည်း အာဆင်နယ်အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးပွဲထွက်ခွင့်ရတဲ့ကစားသမားအဖြစ် အသက်-၁၅ နှစ်၊ ၃၀၂ ရက်နဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ 

လူငယ်တောင်ပံကစားသမားဟာ ဒီရာသီမှာ အာဆင်နယ်အတွက် လူစားဝင်ကစားသမားအဖြစ် ၃ ပွဲသာပါဝင်ကစားထားရတာဖြစ်ပြီး ယခုဘရိုက်တန်နဲ့ပွဲစဉ်မှာတော့ ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ကြယ်ပွင့်ဟာ ပွဲကစားချိန် မိနစ် ၇၀ ကျော်အထိပါဝင်ခဲ့ရပြီး ၇၁ မိနစ်ရောက်မှသာ အသင်းဖော် ဘူကာယိုဆာကာနဲ့ လူစားလဲခံခဲ့ရပါတယ်။

ပွဲအပြီးမှာ အာတီတာက "ဒိုမန်နဲ့ပတ်သက်ပြီး အရာရာက ပုံမှန်ပါပဲ။ အားလုံးအဆင်ပြေပါတယ်။ သူက နာခံတတ်တဲ့ကလေးတစ်ယောက်ဖြစ်ပြီး စောဒကတက်တာမျိုးလည်း ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။ သူလုပ်နိုင်တာကို အကောင်းဆုံးလုပ်ပါတယ်။ ဘောလုံးကစားခွင့်ရဖို့အတွက်ပဲ အာရုံစိုက်နေတဲ့ ကစားသမားပါ"

"ဒီနေ့မှာလည်း သူ့ရဲ့အစွမ်းအစကို သူပြသခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာအံဝင်ခွင်ကျဖြစ်မယ့် ခြေစွမ်းမျိုးကိုမြင်တွေ့ခဲ့ရပါတယ်။ အသက်-၁၅ နှစ်နဲ့ဒီလောက်အထိလုပ်နိုင်တာက တကယ်ကိုထူးခြားတဲ့အချက်တစ်ချက်ပါ" လို့ပြောကြားခဲ့ပါတယ်။  ဆက်လက်ပြီးအာတီတာက ဒိုမန်ဟာ ပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်မှာလည်း အသင်းအတွက်ကစားပေးနိုင်ဖို့ စိတ်အားထက်သန်နေကြောင်းအသိပေးခဲ့ပေမယ့် အကန့်အသတ်နဲ့သာကစားသွားရမှာဖြစ်တယ်လို့လည်း သတိပေးခဲ့ပါတယ်။ 

စပိန်သားနည်းပြက "သူ့ဘဝမှာ အသစ်အသစ်တွေက အများကြီးပါပဲ။ ဒါကို ကျွန်တော်တို့ ဆွေးနွေးထားပြီးသားပါ။ သူ့ကို ခြေလှမ်းမှန်မှန်နဲ့ရှေ့ဆက်နိုင်ဖို့အတွက်ပဲ ကျွန်တော်တိုအဓိက အာရုံစိုက်ထားပါတယ်။ သူ့အနေနဲ့လည်း ဒါကိုနားလည်ဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့သူ့ရဲ့တိုးတက်မှုအတွက် အသိအမှတ်ပြုပေမယ့် သူ့ကို ကာကွယ်ဖို့အတွက်လည်း ကြိုးစားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ ယခုပွဲစဉ်မှာ အာဆင်နယ်အတွက်ဂိုးတွေကိုတော့ လူငယ်တိုက်စစ်မှူး အီသန်နွာနီရီနဲ့ လူစားဝင်ကစားသမား ဆာကာတို့ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။