The network connection is lost.

Banner Image

အာဆင်နယ်နဲ့ ကိုးမှတ်ကွာဟနေတယ်ဆိုတာ အတော်လေးများပြားတဲ့ ပမာဏပါလို့ ပြောဆိုရင်း ချန်ပီယံဆုတိုက်ပွဲအပေါ် မှတ်ချက်ပေးလာတဲ့ ပက်ဂွါဒီယိုလာ

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ချဲလ်ဆီးနဲ့ပွဲစဉ်ကိုသာ အနိုင်မရဘူးဆိုရင် သူတို့အသင်းရဲ့ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်သွားလိမ့်မယ်လို့ ထပ်လောင်းပြောကြားလိုက်ပါတယ်။

စနေညပိုင်းပွဲစဉ်တွေမှာ အာဆင်နယ်က ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့ပေမဲ့ မန်စီးတီးထက် ကိုးမှတ်အထိ အသာစီးရရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မန်စီးတီးမှာ လက်ကျန်နှစ်ပွဲကစားရဖို့ ရှိနေပြီး လာမယ့်သီတင်းပတ်မှာလည်း အာဆင်နယ်ကို အီတီဟတ်ကွင်းမှာ ဧည့်ခံကစားရဖို့ရှိလို့ ပက်ဂွါဒီယိုလာအတွက်လည်း စိတ်လှုပ်ရှားစရာအခိုက်အတန့်တွေ စောင့်ကြိုနေပါတယ်။

ဂွါဒီယိုလာက "ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော် မသိပါဘူး။ အမှတ်ကွာဟချက်က ကြီးမားနေတာကိုတော့ ငြင်းလို့မရဘူး။ ကိုးမှတ် ကွာနေတယ်၊ ကစားဖို့ တစ်ပွဲ ကျန်သေးတယ်၊ ဒါပေမဲ့ အဲဒီပွဲကို အနိုင်ရဖို့လည်း လိုအပ်ပါတယ်" လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

"ကွာဟချက်က တော်တော်ကြီးပါတယ်။ အာဆင်နယ်ကို တစ်ကြိမ်နိုင်ဖို့တောင် မလွယ်တာ၊ နှစ်ကြိမ်နိုင်ဖို့ဆိုတာ စဉ်းစားသာကြည့်ပါ။ ဒါကို လာမယ့်သီတင်းပတ် သူတို့နဲ့ မကစားခင်ကတည်းက ကျွန်တော် ပြောနေတာပါ။ ချန်ပီယံလိဂ်မှာလည်း သူတို့တစ်ပွဲမှ မရှုံးသေးဘူး။ အကုန်နိုင်ပြီး တစ်ပွဲပဲ သရေကျထားတာ။ သူတို့ရဲ့ကိန်းဂဏန်းတွေ၊ ခြေစွမ်းတည်ငြိမ်မှုတွေ၊ အားကောင်းမှုတွေနဲ့ အသေးစိတ်အချက်အလက်တွေက တကယ်ကို ထိပ်တန်းအဆင့်မှာ ရှိနေပါတယ်" လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဂွါဒီယိုလာက "အာဆင်နယ်အကြောင်းပဲ ထပ်ခါတလဲလဲ ပြောနေရတာပါ။ တကယ်လို့ ကျွန်တော်တို့သာ စတမ်းဖို့ဒ်ဘရစ်ချ်ပွဲကျပ်မှာ မနိုင်ဘူးဆိုရင် အာဆင်နယ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲတောင် လုပ်နေစရာ မလိုတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အားလုံး ပြီးသွားလို့ပါပဲ" လို့ ပြောပါတယ်။

"ဒါကို လူတိုင်းသိတယ်၊ ခင်ဗျားတို့သိတယ်၊ ကျွန်တော်သိတယ်၊ ကစားသမားတွေသိတယ်၊ အင်္ဂလန်တစ်နိုင်ငံလုံး သိပါတယ်။ ကစားဖို့ ပွဲတွေ အများကြီး ကျန်သေးတယ်ဆိုပေမဲ့ အကုန်လုံးကို အနိုင်ရဖို့ လိုပါတယ်။ သရေတစ်ပွဲတောင် ကျလို့မရဘူး၊ သရေကျဖို့ဆိုတာ မေ့လိုက်ပါ။ အာဆင်နယ်လို အသင်းမျိုးနဲ့ ၉ မှတ်အကွာဆိုတာ တော်တော်များပြားတဲ့ ပမာဏပါ" လို့လည်း သူက ဆိုပါတယ်။

ဂွါဒီယိုလာက ဒီရာသီအခြေအနေကိုလည်း အခုလို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

"ပရီးမီးယားလိဂ် ရာသီတစ်ခုက ၁၁ လ ကြာပါတယ်။ အဲဒီ ၁၁ လအတွင်းမှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်တဲ့ ပွဲတွေရှိသလို၊ အနိုင်ရဖို့အတွက်တော့ လုံလောက်တဲ့ခြေစွမ်းမရှိခဲ့တဲ့ ပွဲတွေလည်း ရှိပါတယ်။ အရင်တုန်းကဆိုရင် ကျွန်တော်တို့ တကယ်ကို ညံ့ညံ့ဖျင်းဖျင်း ကစားခဲ့ရင်တောင် အနိုင်ရမယ့်နည်းလမ်းကို အမြဲရှာတွေ့ခဲ့တယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ အဲဒီလိုမျိုး အနိုင်ရမယ့်လမ်းစကို ရှာမတွေ့ခဲ့ပါဘူး။ ဒါကြောင့် ရရှိတဲ့အမှတ်တွေအရ ကြည့်မယ်ဆိုရင် ဂျာဂန်ကလော့ပ်ရဲ့ လီဗာပူး ဒါမှမဟုတ် အာဆင်နယ်တို့ ရခဲ့တဲ့ အမှတ် ၉၀၊ ၈၉၊ ၈၀ စတာတွေနဲ့ ယှဉ်လို့မရပါဘူး။ ဒီရာသီမှာ ကျွန်တော်တို့တွေ  အကောင်းဆုံး မဖြစ်ခဲ့ပါဘူး။ အနာဂတ်မှာတော့ အဲ့ဒီလိုအခြေအနေမျိုးနဲ့ ပိုပြီးနီးစပ်လာအောင် ဒါမှမဟုတ် ပရီးမီးယားလိဂ်အတွက် ဆက်လက်တိုက်ပွဲဝင်နိုင်အောင် အဆင်သင့် ဖြစ်နေပါလိမ့်မယ်။"

ပရီမီယာလိဂ်မှာ အခက်တွေ့နေပေမဲ့ မန်စီးတီးဟာ ဒီရာသီမှာ အာဆင်နယ်ကို ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ အနိုင်ယူပြီး ဆုဖလားတစ်ခု ရရှိထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့သီတင်းပတ်မှာလည်း မန်စီးတီးက လီဗာပူးကိုကျော်ဖြတ်ကာ အက်ဖ်အေဖလားဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းထားနိုင်ခဲ့ပါသေးတယ်။

မန်စီးတီးနည်းပြက "အခု ကျွန်တော်တို့က ပရီးမီးယားလိဂ်မှာ အဆင့် ၇ တို့ ၈ တို့ မဟုတ်ဘဲ ဒုတိယနေရာမှတဆင့် တိုက်ပွဲဝင်နေတာပါ။ ဒါဟာ ဆိုးရွားတဲ့ ရာသီတစ်ခုတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီကမှ တကယ့်ကို ဆိုးရွားခဲ့တာပါ။ ဒီရာသီမှာတော့ အဆုံးအထိ ယှဉ်ပြိုင်နေရပြီး ရှစ်ကြိမ်ဆက်တိုက် ဆီမီးဖိုင်နယ်အဆင့်ဆီလည်း ရောက်နေပါပြီ။ အာဆင်နယ်က ထိပ်တန်းအသင်းဖြစ်ပေမဲ့ ဒီရာသီမှာ ဆီမီးဖိုင်နယ် မတက်နိုင်ခဲ့ပါဘူး။ ဒါ တကယ်ကို ခက်ခဲတဲ့အရာပါ။ ကျွန်တော်တို့ကတော့ ရှစ်ကြိမ်ဆက်တိုက်ကို ရောက်နေတာပါ" လို့ ပြောကြားသွားခဲ့ပါတယ်။