The network connection is lost.

Banner Image

အက်စတွန်ဗီလာနဲ့ပွဲစဉ်မတိုင်ခင် ယူနိုက်တက်ရဲ့ခြေစွမ်းကို မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားနိုင်စရာမရှိဘူးလို့ ကာရစ် ဆို

အက်စတွန်ဗီလာနဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်မီ မန်ချက်စတာယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်က သူ့အသင်းရဲ့အခြေအနေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ရလဒ်တွေဆက်တိုက်ဆိုးရွားပြီးနောက် ရာထူးမှထုတ်ပယ်ခံရဖို့ အလွန်နီးစပ်ခဲ့တဲ့ ကာရစ်ရဲ့လက်အောက်မှာ ရိုးမားကို နောက်မှလိုက်ကာ အံ့အားသင့်ဖွယ် အနိုင်ယူပြီးနောက် ယူနိုက်တက်ရဲ့ဘောလုံးရာသီ ပြန်လည်အသက်ဝင်လာပါတယ်။

သရဲနီတွေက ပရီးမီးယားလိဂ်နောက်ဆုံးခုနစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့လို့ အခုသီတင်းပတ်ကုန်၊ အက်စတွန်ဗီလာနဲ့ပွဲစဉ်မတိုင်ခင် တန်းဆင်းဇုန်ဖိအားကို ရင်ဆိုင်နေရပါတယ်။

ဒီပွဲစဉ်မတိုင်မီ ကာရစ်က ရိုးမားကို အထင်ကြီးလောက်စရာ အနိုင်ရရှိခဲ့ပေမဲ့ ယူနိုက်တက်ရဲ့ပုံမှန်ခြေစွမ်းကောင်းဆီ ချက်ချင်းပြန်ရောက်သွားပြီလို့ မယူဆနိုင်သေးလို့ စိတ်ရှည်ရှည်ထားပေးဖို့ ပရိသတ်တွေဆီ တောင်းဆိုလိုက်ပါတယ်။

"အသင်းကို တည်ဆောက်သွားရပါမယ်၊ လက်တွေ့ကျရပါမယ်၊ အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ရပါမယ်။ ဒါက မျက်စိတစ်မှိတ်အတွင်း ချက်ချင်းဖြစ်လာနိုင်စရာ မရှိပါဘူး" လို့ ကာရစ်က ပြောပါတယ်။

ရိုးမားကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်နဲ့ပတ်သက်လို့ သူက "ပွဲကို ပြန်ကြည့်မယ်ဆိုရင် ပထမပိုင်းလည်း သိပ်မဆိုးခဲ့ပါဘူး။ ကျွန်တော်တို့ဘက်မှာ လိုအပ်ချက်အချို့ရှိခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပြီး အဲဒါတွေကို ကျွန်တော်တို့ ပြုပြင်သွားရပါမယ်။ ချဲလ်ဆီးနဲ့ပွဲစဉ်၊ ပထမပိုင်းမှာလည်း အရမ်းကောင်းခဲ့ပါတယ်။ တိုးတက်လာတဲ့ လက္ခဏာတွေကို ပြသနေတယ်ဆိုတာ သံသယဖြစ်စရာ မလိုသလို ဒါကို ရှေ့ဆက် သယ်ဆောင်သွားဖို့ လိုပါတယ်"

"ဒါက အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတစ်ခုဖြစ်ပြီး ရုတ်တရက် အလွန်အမင်း သာယာမမြောပါသွားတာမျိုးတော့ မဟုတ်ပါဘူး။ ကစားသမားတွေ ဘာတွေ စွမ်းဆောင်နိုင်လဲဆိုတာ ကျွန်တော် သိပါတယ်။ လတ်တလောမှာ ဒါကို ကျွန်တော်တို့ လုံလုံလောက်လောက် သက်သေမပြနိုင်ခဲ့တာပါ။ ကစားသမားတွေက လေ့ကျင့်ခန်း အရမ်းကောင်းအောင် ဆင်းခဲ့ကြပြီး ဒါက ပြောကောင်းရုံ သက်သက် ပြောနေတာ မဟုတ်ပါဘူး"

"ဒါကို ရှေ့ဆက်ထိန်းသိမ်းသွားဖို့ဆိုတာ ကျွန်တော်တို့အပေါ်မှာပဲ မူတည်ပါတယ်။ တစ်ပွဲတည်းအတွက်တော့ တကယ့်ကို အံ့သြဖွယ်ကောင်းတဲ့ ညချမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အားလုံးအတွက် ကောင်းမွန်တဲ့ ညချမ်းတစ်ခု ဖြစ်ခဲ့ပေမဲ့ အောင်မြင်ပြီးမြောက်သွားတာ ဘာတစ်ခုမှ မရှိသေးပါဘူး၊ ရှေ့ဆက်သွားဖို့အတွက် အသုံးချရမယ့် အခိုက်အတန့်တစ်ခုသာ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

ပရီးမီးယားလိဂ်မှာတော့ ယူနိုက်တက်က အက်စတွန်ဗီလာကို ထိပ်တိုက်တွေ့ဆုံမှုအပိုင်းမှာ အသာစီးရရှိနေပြီး သရဲနီတွေက ၄၂ ပွဲအထိအနိုင်ရရှိကာ ခြောက်ပွဲသာရှုံးနိမ့်ထားလို့ အလွန်လိုအပ်နေတဲ့ အနိုင်သုံးမှတ်အပြည့်ကို ရယူနိုင်ဖို့ ကာရစ်လည်း မျှော်လင့်နေပါလိမ့်မယ်။