The network connection is lost.

Banner Image

ဂါဗီနဲ့ ဒီဂျောင်တို့ရဲ့ပြန်လာနိုင်မှုက အသင်းကိုအများကြီးတိုးတက်စေကြောင်း ပြောကြားလာတဲ့ ဖလစ်

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က အသင်းအနေနဲ့ လာလီဂါအမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းမှာ ဒဏ်ရာရနေခဲ့တဲ့ ဂါဗီနဲ့ ဒီဂျောင်တို့ရဲ့ ပြန်လာနိုင်မှုကလည်း အများကြီး အထောက်အပံ့ပေးနိုင်ခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့အပတ်က မြို့ခံပြိုင်ဘက် အက်စ်ပန်ညိုကို ၀-၂ နဲ့အနိုင်ရပြီး လာလီဂါအမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဟန်ဆီဖလစ်ဟာ စပိန်စူပါဖလားနဲ့ ကိုယ်ပါဒယ်ရေးဖလာတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဘာစီလိုနာနည်းပြဘဝ ပထမဆုံးရာသီမှာတင် ပြည်တွင်းဖလား ၃ လုံးစလုံးရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်နည်းပြဟောင်းဟာ ကလပ်ရဲ့အကယ်ဒမီထုတ်ကုန် လူငယ်ကစားသမား အများစုကိုသာ အသုံးပြုနေတာဖြစ်ပြီး ယခုအခါမှာ တောင့်တင်းတဲ့လူစာရင်းကို တည်ဆောက်ထားနိုင်ပြီဖြစ်လို့ နောက်ရာသီတွေမှာလည်း ဆုဖလားတွေ ဆက်လက်ဆွတ်ခူးသွားနိုင်ဖို့ တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်ထားပါတယ်။ 

ယခုအခါမှာတော့ ဖလစ်က အသင်းအနေနဲ့ အခုလို တဟုန်ထိုးတိုးတက်လာခြင်းမှာ ၂၀၂၄ ခုနှစ် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အက်သလက်တီကိုကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က အလှည့်အပြောင်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါပွဲစဉ်အပြီးမှာကတည်းက ဘာစီလိုနာဟာ ပြိုင်ပွဲစုံ ၂၄ ပွဲဆက်တိုက်ရှုံးပွဲမရှိ ကစားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ 

ဖလစ်က "အက်သလက်တီကိုကို ရှုံးပြီးတဲ့နောက် ကစားသမားတွေကိုပြောခဲ့တာက ကျွန်တော်လိုချင်တာ ဒီလိုကစားပုံမျိုးဆိုတာပါပဲ။ အက်သလက်တီကိုနဲ့ပွဲစဉ်က ခြေစွမ်းမျိုး ပွဲတိုင်းမှာကစားဖို့ သူတို့ကိုတောင်းဆိုခဲ့ပါတယ်။ ဒီလိုနဲ့ပဲ အသင်းက ပြောင်းလဲလာခဲ့တာပါ။ ဖရန်ကီဒီဂျောင်နဲ့ ဂါဗီတို့ပြန်လာနိုင်ခဲ့တာကလည်း ကျွန်တော်တို့အတွက် အများကြီးတိုးတက်စေခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

၂၀၂၅ ခုနှစ်အတွင်းမှာ ဘာစီလိုနာဟာ ပြိုင်ပွဲစုံ ၂၄ ပွဲဆက်တိုက် မရှုံးအောင်ကစားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ရောက်မှသာ ဒေါ့မွန်ကို စတင်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ထို့နောက်မှာတော့ ဟန်ဆီဖလစ်ရဲ့အသင်းဟာ အင်တာမီလန်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။ 

တနင်္လာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာတော့ ဘာစီလိုနာဟာ ဗီလာရီးရဲလ်ကို ၂-၃ နဲ့ရှုံးနိမ့်ခဲ့ပြီး ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လာလီဂါမှာ ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။