
ဆန်းချက်ဇ်နဲ့ကာရီးယပ်စ်တို့ကိုခေါ်ယူဖို့ တိတ်တဆိတ်ကြိုးပမ်းနေတဲ့ ဖာဘရီဂတ်စ်
ကိုမိုအသင်းကို စီးရီးအေသို့ တန်းတက်အောင်စွမ်းဆောင်ပေးပြီးနောက်မှာတော့ နည်းပြ ဖာဘရီဂတ်စ်ဟာ ထိပ်တန်းအဆင့်မှာဆက်လက်ယှဉ်ပြိုင်ဖို့အတွက် ဘာစီလိုနာနဲ့အာဆင်နယ်တိုက်စစ်မှူးဟောင်း အလက်ဆစ်ဆန်းချက်ဇ်နဲ့ လီဗာပူးဂိုးသမားဟောင်း လိုရစ်ကာရီးယပ်စ်တို့ကိုခေါ်ယူဖို့ နောက်ကွယ်ကနေ တိတ်တဆိတ်ကြိုးပမ်းနေတယ်လို့သိရပါတယ်။
ကိုမိုအသင်းဟာ အီတလီစီးရီးအေသို့ နှစ်ပေါင်း ၂၁ နှစ်ကြာမှ ပထမဆုံးအကြိမ် ပြန်လည်တန်းတက်လာခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့အောင်မြင်မှုကို အရှိန်မြှင့်တင်ဖို့အတွက် နည်းပြဖာဘရီဂတ်စ်အနေနဲ့ အင်အားတောင့်တင်းအောင်ပြင်ဆင်ဖို့ ကြိုးစားနေပြီး လာမယ့်နွေရာသီမှာ ကစားသမားသစ်တွေခေါ်ယူဖို့ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။
အီတလီသတင်းစာတွေအရ လက်ရှိဖာဘရီဂတ်စ်ရဲ့ပစ်မှတ်တွေထဲမှာ အလက်ဆစ်ဆန်းချက်ဇ်က ထိပ်ဆုံးကနေပါဝင်နေပြီး အသက်-၃၅ နှစ်အရွယ်ချီလီလက်ရွေးစင်ကစားသမားဟာ အင်တာမီလန်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာဖြစ်ပါတယ်။ ဝါရင့်တိုက်စစ်မှူးဟာ ကစားသမားဘဝမှအနားယူဖို့အစီအစဉ်မရှိသေးဘဲ ဥရောပဘောလုံးလောကမှာ ဆက်လက်ကျင်လည်ဖို့ဆုံးဖြတ်ထားတာကြောင့် လာမယ့်ရာသီမှာ အသင်းသစ်သို့ပြောင်းရွှေ့ဖို့ မျှော်လင့်နေတယ်လို့သိရပါတယ်။
သို့သော်လည်း အင်တာမီလန်မှာ အသားတင်လုပ်ခ ယူရို ၃ သန်းနီးပါးရခဲ့တဲ့ ဆန်းချက်ဇ်ဟာ ကိုမိုသို့ပြောင်းရွှေ့မယ်ဆိုရင်တော့ အသင်းရဲ့ဘတ်ဂျက်ကန့်သတ်ချက်တွေကြောင့် လစာလျှော့ယူဖို့တော့လိုနေပါတယ်။ သတင်းတွေအရ ဖာဘရီဂတ်စ်ဟာ အသင်းဖော်ဟောင်း ဆန်းချက်ဇ်အပြင် လီဗာပူးဂိုးသမားဟောင်း ကာရီးယပ်စ်ကိုလည်းပစ်မှတ်ထားနေတယ်လို့သိရပါတယ်။ နယူးကာဆယ်မှာ ပုံမှန်နေရာရဖို့ရုန်းကန်နေရတဲ့ ဂျာမန်သားဂိုးသမားဟာ အသင်းသစ်ပြောင်းဖို့ဆန္ဒရှိနေပြီး အီတလီမြေသို့သွားရောက်ဖို့ စိတ်ထားထက်သန်နေတယ်လို့သိရပါတယ်။
ကွင်းလယ်ပိုင်းအတွက်လည်း ဖာဘရီဂတ်စ်ဟာ ကစားသမားအများအပြားကိုပစ်မှတ်ထားနေပြီး စိတ်ဝင်စားနေတဲ့ကစားသမားအများစုဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့်ကစားသမားတွေဖြစ်တယ်လို့သိရပါတယ်။ ကိုမိုအတွက် ဖာဘရီဂတ်စ်ရဲ့မျှော်လင့်ချက်ဟာ စီးရီးအေမှာ ရှင်သန်ဖို့သာမဟုတ်ဘဲ ကြီးမားတဲ့မျှော်လင့်ချက်ရှိနေတယ်လို့ဆိုပါတယ်။ ဘာစီလိုနာနဲ့ ချဲလ်ဆီးကြယ်ပွင့်ဟောင်းဟာ ကိုမိုကို ပြိုင်ဆိုင်မှုပြင်းထန်ပြီး ရင်ဆိုင်ရခက်ခဲတဲ့အသင်းတစ်သင်းအဖြစ်တည်ဆောက်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။