အက်စတွန်ဗီလာဂိုးသမားမာတီနက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားတဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းက ဂိုးသမားအီမီလီယာနိုမာတီနက်ဇ်အတွက် အက်စတွန်ဗီလာအသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှု ရရှိခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့သြဂုတ် ၂၄ ရက်၊ ဖူလ်ဟမ်အသင်းကို ၂-၃ ဂိုးဖြင့် အနို်ငရရှိခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ ရောဘတ်ဆန်းချက်ဇ်ရဲ့စိတ်ပျက်စရာစွမ်းဆောင်ရည်ကို မြင်တွေ့ရပြီးနောက် ဂိုးသမားသစ်တစ်ဦးခေါ်ယူဖို့ ချဲလ်ဆီးအသင်း ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ်ဂိုးသမားဆန်းချက်ဇ်က ဖူလ်ဟမ်ရဲ့သွင်းဂိုးနှစ်ဂိုးလုံးမှာ အမှားအယွင်းမကင်းခဲ့ဘဲ ပါဝင်ပတ်သက်မှုရှိခဲ့ပါတယ်။ အထူးသဖြင့် ဂျိုရှုအာကင်းရဲ့ပထမဂိုးမှာ ဂိုးတိုင်အနီး ပိတ်ဆို့ကာကွယ်နိုင်ခြင်း မရှိခဲ့သလို ဂွန်ဇာလိုဂါစီယာရဲ့ဒုတိယဂိုးမှာလည်း ပြိုင်ဘက်ဆီ ဘောလုံးတိုက်ရိုက်ပုတ်ထုတ်ပေးသလို ဖြစ်ခဲ့ပါတယ်။
သတင်းထောက်ဒေးဗစ်အွန်စတိန်းရဲ့အဆိုအရ ချဲလ်ဆီးက အာဂျင်တီးနားလက်ရွေးစင်ဂိုးသမားမာတီနက်ဇ်ကို ခေါ်ယူဖို့အတွက် အူနိုင်းအမ်မရီရဲ့အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။
အက်စတွန်ဗီလာဂိုးသမားမာတီနက်ဇ်က ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာပဲ ချဲလ်ဆီးအသင်းရဲ့ဂိုးသမားသစ်ဖြစ်လာဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ချဲလ်ဆီးအသင်းက ဗီလာအသင်းကို ပေါင် ၇ ဒဿမ ၅ သန်း ပေးချေသွားရဖို့ရှိနေပြီး မာတီနက်ဇ်ကိုလည်း နောက်ထပ် ၁၂ လသက်တမ်းတိုးခွင့်ပါဝင်တဲ့ နှစ်နှစ်သဘောတူညီမှုစာချုပ် ချုပ်ဆိုခဲ့ပါတယ်။