အာဆင်နယ်နဲ့ ကာလရှည်စာချုပ်သက်တမ်းတိုးမြှင့်ဖို့ နီးစပ်လာနေတဲ့ ဒီကလန်ရိုက်စ်
ပရီးမီးယားလိဂ်ချန်ပီယံအာဆင်နယ်အသင်းက ကွင်းလယ်လူဒီကလန်ရိုက်စ်ရဲ့အနာဂတ် သေချာရေရာစေဖို့ ကြိုးပမ်းနေချိန် ဒီကစားသမားနဲ့ ကာလရှည်စာချုပ်သစ်ချုပ်ဆိုဖို့အတွက် သဘောတူညီမှုရရှိဖို့ အတော်လေးနီးစပ်လာနေပါတယ်။
BBC Sport ရဲ့ဖော်ပြချက်အရ အခုဘောလုံးရာသီကုန်၊ စာချုပ်သက်တမ်းပြည့်မြောက်မယ့် အင်္ဂလန်လက်ရွေးစင်ကစားသမားနဲ့ ဂန်းနားတို့အကြား ဆွေးနွေးမှုအပိုင်းက အမြင့်ဆုံးအခြေအနေအထိ ရောက်ရှိနေပြီလို့ သိရပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း ဝက်စ်ဟမ်းမှ ပေါင် ၁၀၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၂၇ နှစ်အရွယ်ကစားသမားက အာဆင်နယ်အတွက် ပွဲ ၁၅၀ ကျော် ပွဲထွက်ပါဝင်ကစားပေးထားပြီး အဓိကအရေးပါသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။
သတင်းတွေအရ စာချုပ်သစ်မှာ ဒီကလန်ရိုက်စ်က သီတင်းတစ်ပတ်လုပ်ခလစာပေါင် ၃၅၀,၀၀၀ ဝန်းကျင် ရရှိနေတဲ့ ဆာကာနဲ့ တန်းတူဖြစ်လာပြီး လက်ရှိလုပ်ခလစာပေါင် ၂၄၀,၀၀၀ ထက် ပိုမိုများပြားတဲ့နှုန်းထားကို ခံစားရလိမ့်မယ်လို့ သိရပါတယ်။
မကြာသေးမီကပဲ အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က ဒီကလန်ရိုက်စ်ကို ဥရောပရဲ့အကောင်းဆုံး ကွင်းလယ်လူတွေအနက် တစ်ဦးအဖြစ် ချီးကျူးခဲ့ပါတယ်။
ယမန်နေ့(ဗုဒ္ဓဟူးနေ့)မှာတော့ အာဆင်နယ်က နည်းပြအာတီတာကို လေးနှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ပေးအပ်ခဲ့ပါတယ်။