The network connection is lost.

Banner Image

နီကိုပတ်ဇ်တစ်ယောက် ကိုမိုအသင်းမှာ ဒီရာသီကုန်အထိ ကစားနိုင်တော့မှာမဟုတ်ဘူးလို့ ဖာဘရီဂတ်စ် ဝန်ခံ

ကိုမိုအသင်းရဲ့ အဓိကကစားသမား နီကိုပတ်ဇ်ဟာ ဒီရာသီရဲ့ ကျန်ရှိနေတဲ့ ပွဲစဉ်တွေမှာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မှာ မဟုတ်ဘူးလို့ နည်းပြ ဖာဘရီဂတ်စ်က ဝန်ခံပြောကြားလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပတ်ဇ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ ကိုမိုအသင်းအတွက် ပွဲပေါင်း ၄၀ မှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ပြီး အံ့အားသင့်စရာကောင်းတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ထားတာပါ။

စီးရီးအေပွဲစဉ် ၂ ပွဲသာ ကစားဖို့ ကျန်ရှိတော့တဲ့အချိန်မှာ ကိုမိုအသင်းဟာ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ က အေစီမီလန်အသင်းနဲ့ ၂ မှတ်သာ ကွာဟပါတော့တယ်။

လာမယ့် တနင်္ဂနွေနေ့ (မေလ ၁၇ ရက်) မှာ ကစားမယ့် ပါးမားနဲ့ ပွဲစဉ်မတိုင်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပတ်ဇ်တစ်ယောက် ရာသီကုန်အထိ အနားယူရနိုင်တယ်လို့ ဖာဘရီဂတ်စ်က အတည်ပြုခဲ့တာပါ။

"နီကိုပတ်ဇ် ဒဏ်ရာရနေလို့ ပါးမားနဲ့ပွဲမှာ ပါဝင်နိုင်မှာမဟုတ်ပါဘူး။ သူ့ရဲ့ ဒူးမှာ ဒဏ်ရာအနည်းငယ် ရသွားတာပါ" လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီးတော့လည်း "တကယ်လို့ ပွဲက တနင်္လာနေ့မှ ကစားရမှာဆိုရင်တော့ အခြေအနေက တစ်မျိုးဖြစ်နိုင်ပေမဲ့၊ အမှန်အတိုင်းပြောရရင် နောက်ဆုံးပွဲစဉ်မှာ သူ ပြန်ကစားနိုင်မလားဆိုတာ ကျွန်တော် မသေချာပါဘူး။ ပြန်ကစားနိုင်ဖို့ မျှော်လင့်ပေမဲ့ အတိအကျတော့ မပြောနိုင်သေးဘူး" လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းက ဒီနွေရာသီမှာ သူတို့ရဲ့ စာချုပ်ပါအချက်အလက်အရ ပြန်လည်ဝယ်ယူခွင့်ကို အသုံးပြုလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ပတ်ဇ်ရဲ့ ကိုမိုကစားသမားဘဝဟာ ဒီမှာတင် အဆုံးသတ်သွားဖို့လည်း ရှိနေပါတယ်။