The network connection is lost.

Banner Image

ဆက်ဆခိုနဲ့အတူ အနာဂတ်အောင်မြင်မှုတွေဆွတ်ခူးနိုင်ဖို့ ရည်ရွယ်ထားတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်ဆခိုကို အသင်းရဲ့အနာဂတ်အစီအစဉ်တွေအတွက် ရည်ရွယ်ပြီး ခေါ်ယူဖို့ကြိုးစားနေတာဖြစ်တယ်လို့ သိရပြီး ကစားသမားအနေနဲ့ အသင်းရဲ့ကာလရှည်အနာဂတ်အစီအစဉ်တွေမှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်သွားရမှာဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ ယူနိုက်တက်အနေနဲ့ တိုက်စစ်မှူး ၂ ဦးဖြစ်တဲ့ ဂျိုရှူးဝါးဇက်ခ်ဇီနဲ့ ရက်စ်မွတ်စ်ဟွိုက်လန်းတို့ကို ပိုင်ဆိုင်ထားပြီးဖြစ်ပေမယ့် အဆိုပါကစားသမား ၂ ဦးဟာ ရေတိုအစားထိုးမှုတွေသာဖြစ်ပြီး ဆက်ဆခိုကသာ အဓိကကျတဲ့ ကစားသမားအဖြစ် အိုးလ်ထရက်ဖို့ဒ်မှ နေထိုင်သွားရမှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဆက်ဆခိုကိုခေါ်ယူဖို့ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ကြိုးစားနေခဲ့တာဖြစ်ပြီး ယခုနွေရာသီမှာတော့ ခေါ်ယူနိုင်ဖို့ သေချာသလောက်ဖြစ်နေပါတယ်။ 

နည်းပြရူဘင်အာမိုရင်အနေနဲ့တော့ ဆက်ဆခိုကိုခေါ်ယူဖို့ စိတ်ကူးထားခဲ့ခြင်းမရှိဘဲ ဗစ်တာယော်ကရက်စ်၊ ဗစ်တာအိုဆီမင်နဲ့ အိုလီဝက်ကင်းစ်တို့ကိုသာ ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ အာမိုရင်ဟာ ယူနိုက်တက်အတွက် အောင်မြင်မှု လျင်လျင်မြန်မြန်ရရှိစေဖို့ အတွေ့အကြုံရင့် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူလိုခဲ့တာဖြစ်ပေမယ့် ယူနိုက်တက်ကတော့ ရေရှည်အတွက်ကြည့်ပြီး ဆက်ဆခိုကိုသာ ခေါ်ယူလိုနေတာဖြစ်ပါတယ်။ 

ယခုအခါမှာ ယူနိုက်တက်ဟာ ဆက်ဆခိုကိုခေါ်ယူဖို့ လိုက်ပ်ဇစ်ထံ ကနဦးပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း+အပိုဆုကြေး ယူရို ၁၀ သန်းနဲ့ကမ်းလှမ်းထားပြီး သဘောတူညီမှုတော့ မရရှိသေးပါဘူး။ ခေါ်ယူခွင့်ရခဲ့မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ပြန်လည်ဆွတ်ခူးနိုင်ဖို့ ကြိုးစားနေတဲ့ ယူနိုက်တက်အတွက် အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ လာမယ့်ဆယ်စုနှစ်တစ်ခုအတွင်း အလွန်အရေးပါတဲ့ကစားသမားတစ်ယောက်အဖြစ် အိုးလ်ထရက်ဖို့ဒ်မှာ နေထိုင်သွားဖွယ်ရှိပါတယ်။

ဆက်ဆခိုကိုခေါ်ယူဖို့ကြိုးစားနေတဲ့အထဲမှာ နယူကာဆယ်ကလည်း တစ်သင်းအပါအဝင်ဖြစ်ပေမယ့် လိုက်ပ်ဇစ်ဘက်ကတော့ နယူးကာဆယ်ရဲ့ကမ်းလှမ်းမှုကို ပယ်ချထားခဲ့သလို၊ ကစားသမားကလည်း ယူနိုက်တက်သို့သာပြောင်းရွှေ့လိုနေတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။ ဒါ့အပြင် ဆက်ဆခိုဟာ ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေလည်း ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၄၄ ဂိုးသာရရှိခဲ့တဲ့ ယူနိုက်တက်အနေနဲ့ ယခုနွေရာသီမှာတော့ မားသီးယက်စ်ကွန်ညာနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ကိုခေါ်ယူပြီး တောင်ပံ ၂ ဖက်ကို အင်အားဖြည့်တင်းထားပါတယ်။ တကယ်လို့ ဆက်ဆခိုကိုသာခေါ်ယူနိုင်ကြောင်း အတည်ပြု နိုင်ခဲ့ရင်တော့ အာမိုရင်အနေနဲ့ အင်အားပြည့်ဝတဲ့ တိုက်စစ်ကို လာမယ့်ရာသီမှာ ပုံဖော်သွားနိုင်မှာဖြစ်ပါတယ်။