The network connection is lost.

Banner Image

ကာရာဘောင်းဖလားမဲခွဲမှုအပြီး ဘုန်းမောက်နဲ့ မရင်ဆိုင်ချင်ဘူးလို့ အီရာအိုလာ ဖွင့်ဟ

ကာရာဘောင်းဖလားကွာတားဖိုင်နယ်အဆင့်မှာ လီဗာပူးက အီရာအိုလာမရင်ဆိုင်ချင်တဲ့ ဘုန်းမောက်နဲ့ ထိပ်တိုက်ယှဉ်ပြိုင်ကစားဖို့ ရွေးချယ်ခံလိုက်ရပါတယ်။

ဗုဒ္ဓဟူးနေ့၊ ချဲလ်ဆီးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူပြီးနောက် စံချိန်တင် ၁၀ ကြိမ်အထိ ဗိုလ်စွဲထားတဲ့ လီဗာပူးက ကာရာဘောင်ဖလားပြိုင်ပွဲနောက်တစ်ဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

တဖက်မှာလည်း အီရာအိုလာရဲ့အသင်းဟောင်း ဘုန်းမောက်က အက်စတွန်ဗီလာကို ၃-၀ ဂိုးဖြင့် အပြတ်အသတ်အနိုင်ယူကာ ကွာတားဖိုင်နယ်အဆင့်ဆီ ထိုက်ထိုက်တန်တန် တက်လှမ်းလာပါတယ်။

အခုပွဲစဉ်ကို လာမယ့်ဒီဇင်ဘာလ၊ အန်းဖီးလ်မှာ ကျင်းပဖို့ရှိနေပြီး လီဗာပူးအတွက် အနည်းငယ် အသာစီးရရှိနိုင်စေပေမဲ့ အီရာအိုလာကတော့ ဒီလိုထိပ်တိုက်တွေ့ဆုံမှုကို ရှောင်လွှဲချင်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

အီရာအိုလာက "မဲမခွဲခင်လေးမှာတင် တိုနီဘာရက်(လီဗာပူးအသင်း သတင်းပြန်ကြားရေးအရာရှိ)နဲ့ ကျွန်တော် စကားပြောဖြစ်ခဲ့ပြီး 'ကျွန်တော်တော့ ဘုန်းမောက်နဲ့ မဆုံတွေ့ချင်ဘူး'လို့ သူ့ကို ပြောခဲ့ပါသေးတယ်"

"ကျွန်တော့်အတွက်တော့ ဒါက ထူးခြားတဲ့ပွဲစဉ်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော့်အကြောင်း ကောင်းကောင်းသိကြပြီး မကြာသေးမီကပဲ အရမ်းကောင်းအောင် ကစားနေကြသလို အကောင်းဆုံးအခိုက်အတန့်ကိုလည်း ပိုင်ဆိုင်နေကြပါတယ်။ ဒါပေမဲ့ ဖြစ်လာတဲ့အခြေအနေကိုတော့ လက်ခံရပါမယ်"

"မဲခွဲမှုတွေမှာ ကျွန်တော်တို့ သိပ်ကံမကောင်းခဲ့ပါဘူး။ တော့တင်ဟမ်၊ ချဲလ်ဆီးတို့နဲ့ ကစားခဲ့ပြီးဖြစ်သလို အခု ဘုန်းမောက်နဲ့ ဆုံတွေ့ရတယ်ဆိုတာ ကျွန်တော့်အတွက် ထူးခြားနေပါလိမ့်မယ်။ ဒါပေမဲ့ ဆီမီးဖိုင်နယ်ဆီ တက်ရောက်ခွင့် ရရှိဖို့အတွက် ကျွန်တော်တို့ ကိုယ်တိုင်ပဲ ကြိုးစားသွားရပါမယ်။ ဒီအိမ်ကွင်းမှာပဲ နောက်တစ်ကြိမ် ထပ်လုပ်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ဆိုပါတယ်။

အီရာအိုလာက ဘုန်းမောက်မှာ ၁၂၇ ပွဲအထိ တာဝန်ယူကိုင်တွယ်ခဲ့ပြီး နိုင်ပွဲ ၃၇ ရာခိုင်နှုန်း ရရှိခဲ့သလို သူ့ရဲ့လက်အောက်ဘောလုံးရာသီသုံးခုမှာ ဘုန်းမောက်ကို ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၂၊ အဆင့် ၉ နဲ့ အဆင့် ၆ နေရာတွေအထိ ရောက်ရှိအောင် ဦးဆောင်ပေးခဲ့ပါတယ်။

အီရာအိုလာလက်အောက် နောက်ဆုံးရာသီမှာ ဘုန်းမောက်က ကလပ်စံချိန်တင် ပရီးမီးယားလိဂ် ၁၈ ပွဲဆက်ရှုံးပွဲမရှိစံချိန်နဲ့အတူ ရာသီသိမ်းခဲ့ပါတယ်။