ဒဏ်ရာပြဿနာကြောင့် ချဲလ်ဆီးရဲ့ ရာသီကြိုပွဲစဉ်တွေကို လွဲချော်တော့မယ့် အက်စတီဗာအို
ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမား အက်စတီဗာအိုဟာ သူ့ရဲ့ ပေါင်နောက်ကြောကြွက်သား ဒဏ်ရာကြောင့် နည်းပြသစ် ဇာဘီ အလွန်ဆိုရဲ့ လက်အောက်မှာ ရာသီကြိုပြင်ဆင်မှုတွေကို လွဲချော်တော့မယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၁၈ နှစ်အရွယ် ကစားသမားလေးဟာ မန်ယူအသင်းကို ၁ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပွဲကစားချိန် ၁၆ မိနစ်မှာတင် ပြင်းထန်တဲ့ ပေါင်နောက်ကြောကြွက်သားဒဏ်ရာ ရရှိခဲ့တာကြောင့် ချဲလ်ဆီးအသင်းရဲ့ ရာသီပိတ်ပွဲစဉ်တွေကို လွဲချော်ခဲ့ရသူ ဖြစ်ပါတယ်။
အက်စတီဗာအိုဟာ ဒီဒဏ်ရာကြောင့်ပဲ သူ့အတွက် ပထမဆုံး ကမ္ဘာ့ဖလားပွဲစဉ် ဖြစ်လာနိုင်တဲ့ ကာလို အန်ဆယ်လော့တ္တီရဲ့ ဘရာဇီးအသင်း လူစာရင်းမှာ ရွေးချယ်ခံရမယ့် အခွင့်အရေးကိုလည်း လက်လွှတ်ခဲ့ရပါတယ်။
ESPN Brazil ရဲ့ ဖော်ပြချက်အရ သူဟာ နည်းပြသစ် အလွန်ဆိုရဲ့ လက်ထက် ချဲလ်ဆီးအသင်းရဲ့ ရာသီကြို ပြင်ဆင်မှုကာလတစ်ခုလုံးကို လွဲချော်သွားဖို့ ရှိနေပါတယ်။
ဒါ့အပြင် သူဟာ ၂၀၂၆-၂၇ ဘောလုံးရာသီရဲ့ အဖွင့်ပွဲစဉ်တွေကိုပါ လွဲချော်နိုင်ခြေရှိပေမဲ့ ဩဂုတ်လဆန်းပိုင်းလောက်မှာတော့ အသင်းဆီ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်မယ်လို့ ယူဆရပါတယ်။